ခေါင်လန်ဖူး ၂ နို၀င်ဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် မြို့နယ်အဆင့် ကျန်းမာရေးအဖွဲ့ (Health Working Group) ဖွဲ့စည်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ မြို့နယ်အဆင့် ကျန်းမာရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အမျိုးသားကျန်းမာရေး စီမံကိန်း ၂၀၁၇-၂၀၂၀ ခုနှစ်အား နှစ်အလိုက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်း (Annual Operation Plan)ကို နှစ်စဉ်ရေးဆွဲ၍ ထိရောက်စွာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ခေါင်လန်ဖူးမြို့နယ်အနေဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရပ်မိရပ်ဖများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဂွမ်ဆိုင်းလီက ပြောကြားသည်။
အဆိုပါ ကျန်းမာရေးကော်မတီအဖွဲ့၀င်များသည် အားလုံးပါ၀င်သောကျန်းမာရေးစီမံကိန်း (ITHP)ရေးဆွဲခြင်း၊ မြို့နယ် ကျန်းမာရေးစီမံကိန်းနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ခြင်း၊ စောင့်ကြပ် ကြည့်ရှုခြင်း၊ ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု အကောင်အထည်ဖော် နေသောအဖွဲ့အစည်းများ၊ (INGO/NGO/EHO/CSO/IPS)တို့၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပေါင်းစပ် ညှိနှိုင်းခြင်း စသည့်လုပ်ငန်းတာ၀န်(၈)ရပ်ကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)


