နောင်ချို ၃ နိုဝင်ဘာ
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ခြေမြစ်ပင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်အား နိုဝင်ဘာ ၂ ရက်နေ့ ည ၇ နာရီအချိန်က နောင်ချိုမြို့ဘက်မှ မန္တလေးဘက်သို့ ဦးမြင့်သိန်း မောင်းနှင်လာသော တွဲကားယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်ကြောင့် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းတစ်ဦးနှင့် အရပ်သားတစ်ဦးအား တိုက်မိခဲ့ရာ အရပ်သား(၁)ဦးမှာ အခင်းဖြစ်သည့် နေရာတွင် သေဆုံးသွားပြီး တာဝန်ကျယာဉ်ထိန်းမှာ ဒဏ်ရာများ ရရှိခဲ့သဖြင့် နောင်ချိုမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခံယူရာ ထိုမှတစ်ဆင့် ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူယာဉ်ထိန်းမှာ ရဲအရာခံ ဦးယွမ်းမောင်းနှင့် အရပ်သားတစ်ဦးမှာ HMV ကားဂိတ်မှ ယာဉ်မောင်း ကျော်စိုးဝင်းတို့ ဖြစ်ကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် ပြစ်မှုကျူးလွန်သူ ယာဉ်မောင်း ဦးမြင့်သိန်းအား ဖမ်းမိထားပြီး တာဝန်ရှိသူများက လိုအပ်သလို စစ်ဆေးအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
သန်းသန်းထွေး(နောင်ချို၊ ပြန်/ဆက်)