ရန်ကုန်   ၃   နိုဝင်ဘာ

မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်၊ (၁၂၄)လမ်း၊ (၄)လွှာ၊ အမှတ်(၂၅)နေ တရားလို ဒေါ်---- သည် နိုဝင်ဘာ  ၂  ရက်က ဈေးဝယ်အပြီး နေအိမ်သို့ ပြန်လာစဉ် နေအိမ်အိပ်ခန်းအတွင်းရှိ ကုတင်ပေါ်မှI Pad mini အမျိုးအစား tablet ဖုန်း(၁)လုံး၊  ဗီရိုအတွင်းမှ အမေရိကန်ဒေါ်လာ(၈၀၀၀)၊ မြန်မာငွေ သိန်း(၃၀၀)ကျပ်နှင့် (၁၀)ကျပ်သားရှိ အောင်သမာဓိရွှေအတုံး(၂)တုံး စုစုပေါင်းတန်ဖိုးငွေကျပ် (၆၆၇) သိန်း ပျောက်ဆုံးနေသဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။

 

ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ခရိုင်မှုခင်း နှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်ကို စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ တရားလို၏ နေအိမ်၌ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ဖူးသော ရန်ကင်းမြို့နယ်၊ (၁၁)ရပ်ကွက်၊ စိုက်ပျိုးရေးပဒေသာလမ်းနေ ဇင်မာနိုင်(ခ) မော်ရန်း  ဖြစ်ကြောင်း စုံစမ်းသိရသည်။ ၎င်းအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ (၁၂၄)လမ်းထိပ်၌ သက်သေခံပစ္စည်း ငွေကျပ်သိန်း (၂၀၀)နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျန်သက်သေခံပစ္စည်းများအား ၎င်း၏နေအိမ်မှ ပြန်လည် သိမ်းဆည်းရရှိပြီးဖြစ်၍  ဇင်မာနိုင်(ခ) မော်ရန်းကို ဥပဒေနှင့်အညီ အမြန်ရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ရဲပြန်ကြားမှ  သတင်းရရှိသည်။

MDN