စစ်ကိုင်း ၃ နိုဝင်ဘာ
စစ်ကိုင်းမြို့ မင်းကွန်းတိုက်နယ် ချောင်းပေါက်ကျေးရွာအုပ်စု ပေါက်တောကျေးရွာ အမှတ်(၃) ဆေးဝါးစက်ရုံ(စစ်ကိုင်း) စားသောက်ကုန်နှင့် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီလီမိတက် အလှကုန်ပစ္စည်း (ကုန်ကြမ်း) သိုလောင်ရုံ အမှတ်(၃)တွင် နိုဝင်ဘာ ၂ ရက်ည ၁၁ နာရီ ၄၅ မိနစ်က လျှပ်စစ်ဝါယာရှော့ခ် ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်ကို ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ စစ်ကိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်နှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့် စိန်ကုန်းအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး စိုးမိုးနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ SERT အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့၊ သုခကာရီ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများစုပေါင်း၍ မီးငြှိမ်းသတ်ယာဉ် (၄)စီး၊ ရေသယ်ယာဉ် (၃)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက်(၂)နာရီ(၁၀)မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် အလျားပေ ၆၀၊ အနံပေ ၈၀ အာရ်စီသွပ်မိုးတစ်ထပ်သိုလှောင်ရုံနှင့် အတွင်းရှိ အလှကုန် ထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ရေညှိခြောက်လိပ် အပယ်သား ၂၀ ဂရမ်အိတ်များ၊ ပလပ်စတစ်လိပ်များ၊ ပိတ်စများနှင့် ရေညှိကြိတ်စက်(၁)လုံး တို့ဆုံးရှုံးခဲ့ကာ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားခြင်းကြောင့် အဆိုပါစက်ရုံမန်နေဂျာ ဦးဆန်းထွန်းအောင် အား မင်းကွန်းနယ်မြေ ရဲစခန်းက အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မျိုးဝင်း(ပြန်/ဆက်)