သာယာဝတီ   ၃   နိုဝင်ဘာ

သာယာဝတီမြို့တွင် လေဘေးသင့်ပြည်သူများနှင့် ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက စံရွေးကျေးရွာ၊ ရွှေဘုန်းပွင့်ဘုရားတန်ဆောင်းအတွင်း၌  ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အောက်တိုဘာ ၂၆ ရက်နှင့် ၂၇ ရက်နေ့တွင် သာယာဝတီမြို့နယ်ရှိ ကျေးရွာအုပ်စု (၆)အုပ်စု၊ ကျေးရွာ(၁၁)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုလဲနေအိမ် (၅)လုံး၊ အမိုးလန်နေအိမ် အလုံး(၆၀)အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၇၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု (၆၅)စုရှိ လူဦးရေ (၂၈၂)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ (၅၉၂၂၀၀) ကျပ်၊ အိမ်ထောင်စု (၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့ကို ပေးအပ်ခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၂၄ ရက်တွင် မြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာတွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂၀၀၀၀၀)၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံငွေ (၂၃၁၀၀)ကျပ်နှင့် အိမ်ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)