ချင်းရွှေဟော်  ၃  နိုဝင်ဘာ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေး အတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယနေ့ ညနေ ၄ နာရီက နေရပ်ပြန်ပြည်သူ ငါးဉီးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

အဆိုပါ နေရပ်ပြန်ပြည်သူငါးဉီးတို့မှာ အမျိုးသား နှစ်ဉီး၊ အမျိုးသမီး သုံးဉီးတို့ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ နှစ်ဉီး၊ မူဆယ်မြို့နယ်မှ နှစ်ဉီးနှင့် နမ္မတူမြို့နယ်မှတစ်ဉီးတို့ ဖြစ်ကြသည်။

ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ  ဧပြီ ၃၀ ရက်နေ့မှ ယနေ့ အထိ အမျိုးသား (၈၆၉၄)ဉီးနှင့် အမျိုးသမီး (၇၀၂၂)ဉီးတို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၅၇၁၆)ဉီးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)