ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်- ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။ ။ကိုဗစ်-၁၉ ဖြစ်ပွားမှုဟာ တဖြည်းဖြည်း ကာလရှည်ကြာလာတာနဲ့အမျှ အကန့်အသတ်တွေနဲ့ နေထိုင်ကြရတဲ့ ပြည်သူတွေအကြားမှာ ငြီးငွေ့မှုတွေ၊ စိတ်ပျက်အားငယ်မှု တွေ လည်း ဖြစ်လာနေကြမှာပါ။
ဒါပေမယ့် ဒီလိုမျိုး ရင်ဆိုင်ကြုံတွေ့လာရတာဟာ ကမ္ဘာနဲ့တစ်ဝန်းမှာ ဖြစ်ပေါ်နေတာကြောင့် မိဘပြည်သူတွေ အနေနဲ့ အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံမှုနဲ့ တောင့်ခံရင်း၊ ဒီကပ်ရောဂါကာလကို ရင်ဆိုင်ဖြတ်ကျော်သွားနိုင်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အားပေးစကားပြောကြားရင်း တိုက်တွန်းထားတာကိုလည်း မိဘပြည်သူတွေ အသိပဲ ဖြစ်ပါတယ်။
ယခုဆိုရင် ရောဂါကူးစက်ပြန့်ပွားမှု အများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာလည်း အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်နေပြီဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ အခုလက်ရှိ အခြေအနေတွေအတိုင်း ဆက်လက် ထိန်းသိမ်းရင်း နေထိုင်သွားကြမယ်ဆိုရင် ကာလတစ်ခုမှာ ကိုဗစ်ရောဂါကို လုံးဝထိန်းချုပ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။
မကြာခင် ရက်ပိုင်းအတွင်းမှာဆိုရင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကိုလည်း ကျင်းပပြုလုပ် တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေအကြား ကပ်ရောဂါကြီးနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုအနည်းဆုံးနဲ့ ကျန်းမာရေးနဲ့ အညီ မဲပေးနိုင်ဖို့အတွက် ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေနဲ့အတူ ရွေးကောက်ပွဲတာဝန်ရှိသူတို့က ဆောင်ရန် / ရှောင်ရန် အချက်တွေကို ရှင်းလင်းပြော ကြားဖြေကြားပေးသွားကြမှာ ဖြစ်ပါတယ်။
ဒီနေ့ရဲ့ မေးခွန်းမေးမြန်း/ဖြေကြားဆွေးနွေးမှုမှာ ဆရာကြီးပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်း [ညွှန်ကြားရေး မှူးချုပ်(ငြိမ်း)၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်]၊ ဆရာဦးဝင်းဦးခိုင် [ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်] တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူအဖြစ် ဆရာမကြီး ဒေါက်တာသန္တာလွင် [ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေးဌာနခွဲ)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] က ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီနေ့ရဲ့ ဆွေးနွေးမှုမှာပါဝင်ပြီး အချိန်ပေးပြီး ဖြေကြားဆွေးနွေးပေးတဲ့အတွက် ဆရာကြီး၊ ဆရာမကြီးတို့ကို အထူးကျေးဇူးတင်ပါတယ်။ ဒီနေ့ဆွေးနွေးမှုမှာ ရွေးကောက်ပွဲကလည်း မကြာခင် ကျင်းပပြုလုပ်တော့မှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာ ကျန်းမာရေးနဲ့အညီ မဲပေးနိုင်ဖို့အတွက် ဘယ်လိုမျိုးဆောင်ရန် / ရှောင်ရန်တွေ ရှိမလဲဆိုတာကို ဆွေးနွေးပေးဖို့အတွက် ဆရာမကြီးကနေ ဦးဆောင်ဆွေးနွေးပေးဖို့အတွက် ဖိတ်ခေါ်အပ်ပါတယ်။
ဒေါက်တာသန္တလွင်။ ။ အားလုံးမင်္ဂလာပါရှင်။ ကျွန်မတို့ ဒီကနေ့ဆွေးနွေးမယ့် အရေးကြီးတဲ့ Topic က ရွေးကောက်ပွဲ မကြာခင်မှာ ကျင်းပတော့မှာဖြစ်တဲ့အတွက် ကိုဗစ် - ၁၉ ကပ် ရောဂါကလည်း ဖြစ်ပွားနေတယ်။ ဒါကြောင့် ဒီကူးစက်ရောဂါ ဖြစ်ပွားနေစဉ်အတွင်းမှာ ရွေးကောက်ပွဲကို အောင်မြင်စွာ၊ ဘေးကင်းစွာ၊ စိတ်ချယုံကြည်စွာနဲ့ ကျင်းပနိုင်ဖို့အတွက် ကျွန်မတို့မှာ မေးခွန်းတွေ လက်ခံရရှိထားပါတယ်။ ဦးစွာပထမ ကျွန်မ ဆရာကြီးပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း ကို ဖိတ်ခေါ်ချင် ပါတယ်။ ဆရာကြီး ဆွေးနွေးပေးပါ။
ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း။ ။ နိုင်ငံတကာမှာ ကိုဗစ် - ၁၉ ကပ်ရောဂါကြီး ဖြစ်ပွားနေစဉ်အတွင်းမှာပဲ နိုင်ငံတော်တော်များများက ရွေးကောက်ပွဲတွေ ကျင်းပနေတယ်။ ဒါကြောင့် အဲဒီရွေးကောက်ပွဲအတွေ့အကြုံတွေနဲ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အခြေအနေတွေကို နှိုင်းယှဉ်ပြီး ဆွေးနွေးပေးပါလို့ မေးမြန်းထားတာ ဖြစ်ပါတယ်။
နိုင်ငံတကာရဲ့ ကိုဗစ် - ၁၉ ဖြစ်ပွားနေစဉ်အတွင်းမှာ နိုင်ငံတကာမှာရွေးကောက်ပွဲတွေ ကျင်းပရတာနဲ့ ပတ်သက်ပြီး ဆန်းစစ်လေ့လာမှုတွေအရ နိုင်ငံတော်တော်များများက ရွေးကောက်ပွဲကျင်းပဖို့ စနစ်တကျ ပြင်ဆင်ထားပြီး ရွေးကောက်ပွဲကို ဆောင်ရွက်နေတာရှိပါတယ်။ ဒီနေ့အထိ နိုင်ငံပေါင်း ၇၇ နိုင်ငံမှာ ရွေးကောက်ပွဲကို အောင်မြင်စွာ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ဒီအထဲမှာ အာရှ-ပစိဖိတ် ဒေသကြီးက ၂၄ ဒသမ ၇ ရာခိုင်နှုန်းပါဝင်ပြီး အာရှနိုင်ငံတွေ အနေနဲ့ဆိုရင် ၁၀ နိုင်ငံမှာ ရွေးကောက်ပွဲ ကို အောင်အောင်မြင်မြင် ကျင်းပပြီးဖြစ်ပါတယ်။
နိုင်ငံတိုင်းကလည်း ရွေးကောက်ပွဲကျင်းပတဲ့အခါမှာ ပြည်သူလူထုရဲ့ ကျန်းမာရေးထိခိုက်မှုမရှိအောင် အတတ်နိုင်ဆုံး ပြင်ဆင်ပြီး ဆောင်ရွက်တယ်။ မဲပေးတဲ့သူတွေအတွက် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘာမှစိုးရိမ်ကြောင့်ကျမှု မရှိအောင် စီစဉ်ပြီးဆောင်ရွက်လျက်ရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း ဒီအတွေ့အကြုံတွေပေါ်မှာ မူတည်ပြီး ပြင်ဆင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ရောဂါကူးစက်နိုင်ခြေရှိတဲ့ အရာအားလုံးကို ကြိုတင်ကာကွယ်တဲ့နည်းစနစ်ကို ကျင့်သုံးပြီး ဆောင်ရွက်ပါတယ်။ တချို့နိုင်ငံတွေက နိုင်ငံအတွင်းမှာ ကိုဗစ်ရောဂါကူးစက်မှု မြင့်မားနေတဲ့ အခြေအနေတွေရှိပါတယ်။ တချို့နိုင်ငံတွေ ကျတော့လည်း ရောဂါဖြစ်ပွားမှုက တနေရာမှာ၊ အခြေအနေတစ်ခုမှာ တန့်နေပါတယ်။ အဲဒီလို အခြေအနေမျိုး မှာရှိတဲ့ နိုင်ငံတော်တော်များများက နိုင်ငံတကာမှာ ရွေးကောက်ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။
သူတို့ အဓိက ကျင်းပတဲ့အချိန်မှာ တစ်ဖက်ကလည်း နိုင်ငံအတွင်းမှာရှိတဲ့ ကိုဗစ်ရောဂါ ဖြစ်ပွားနေမှုကို ထိန်းချုပ်နေတဲ့ ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲစစ်ဆေးတာတွေ၊ အနီးကပ်ထိတွေ့တဲ့သူတွေကို ရှာဖွေတာတွေ၊ Social Distancing တွေ၊ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေတာတွေ ဒါတွေဆောင်ရွက်နေသလို ကုသမှုအပိုင်းမှာလည်း အားထည့်ပြီး ဆောင်ရွက်နေသလို တစ်ဖက်က လည်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေမှာ ကာကွယ်ဆေးနဲ့ ကုသဆေးမပါတဲ့ ကိုဗစ်ရောဂါထိန်းချုပ်ရေးနည်းလမ်းတွေကို သူတို့ကျင့်သုံးပြီး ဆောင်ရွက် နေကြတာ ဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်တဲ့အတွက်ကြောင့် ၇၇ နိုင်ငံမှာ ရွေးကောက်ပွဲပြီးတဲ့ကာလ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေတွေကို ပြန်လည်ပြီး သုံးသပ်တဲ့အခါ တစ်နိုင်ငံလုံး ကာကွယ်၊ ကုသရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အချိန်မှာ ရွေးကောက်ပွဲအတွက် ပိုမိုသေချာစောင့်ကြပ် ကြည့်ရှုပြီး ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကို တစ်ဦးချင်း၊ တစ်ဦးချင်းကို ဆောင်ရွက်နိုင်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲရဲ့ တုန့်ပြန်မှုတွေကို ရရှိပြီး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်တယ်ဆိုတာကို သုတေသနစာတမ်းတွေအရ တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လိုက်နာ ဆောင်ရွက်ရမယ့်ကိစ္စတွေ၊ လမ်းညွှန်ချက်တွေကို နိုင်ငံတကာရဲ့ အတွေ့အကြုံတွေရော၊ ပြည်တွင်းရောဂါ ထိန်းချုပ်မှု အနေအထားတွေပေါ်မှာ မူတည်ပြီး လမ်းညွှန်ချက်တွေ ချမှတ်ဆောင်ရွက်ထားပါတယ်။ ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို ဆန္ဒမဲပေးကြမယ့် ပြည်သူတစ်ဦးချင်း အနေနဲ့လည်းကောင်း၊ နောက်မဲရုံတွေမှာ စနစ်တကျတာဝန်ယူပြီး ဆောင်ရွက်မယ့်ပုဂ္ဂိုလ်တွေအနေနဲ့ လည်းကောင်း၊ ပြည်သူလူထုတွေအနေနဲ့ လည်းကောင်း ဝိုင်းဝန်းပြီး ဆောင်ရွက် မယ်ဆိုရင် နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲကလည်း ပြည်သူလူထု အတွက် ကျန်းမာရေးဆိုင်ရာ လုံခြုံမှုရှိပြီး အောင်မြင်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်။
နောက်မေးခွန်းတစ်ခုက ရွေးကောက်ပွဲကာလမှာ လူအများနဲ့ မဲဆွယ်စည်းရုံးတာတွေ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်မှု အားနည်းနေ တဲ့အတွက်ကြောင့် ဒီရောဂါတွေက ပိုမိုပြီး ကူးစက်လာနိုင်မလားဆိုပြီး မေးထားပါတယ်။
ဒါက ခုန ကျွန်တော်ဆွေးနွေးသလိုပါပဲ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ မဲဆွယ်စည်းရုံးခြင်းသာမက ဘယ်လို လူစုလူဝေး အခြေအနေမျိုးဖြစ်ဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက် မယ်ဆိုရင် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ရောဂါထိန်းချုပ်ဖို့အတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျွန်တော်ခုနက ဆွေးနွေးသလို ဆေးနဲ့ ဆေးဝါးမပါတဲ့ ကာကွယ်ထိန်းချုပ်နည်းကို အားဖြည့်ပြီး ဆောင်ရွက်နေပါတယ်။
Non-Pharmaceutical Interventions က ၃ မျိုးရှိပါတယ်။ Personal Non-Pharmaceutical Interventions မှာ လူတစ်ဦးချင်းက လက်ဆေးတာတို့၊ နှာချေ / ချောင်းဆိုး တဲ့အခါမှာ လက်ကိုင်ပဝါ / တစ်ရှူးအုပ်ပြီးဆိုးတာတို့၊ Social Distancing လို့ခေါ်တဲ့ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေတာတို့၊ Mask တပ်တာတို့ စသဖြင့် ဒီလိုလုပ်ငန်းတွေကို လိုက်နာဆောင်ရွက်ရမယ်။ ရွေးကောက်ပွဲမှာလည်း မဲရုံအတွင်းမှာကော၊ မဲရုံပြင်ပမှာကော ဒါတွေကို တစ်ဦး ချင်းအတွက် ပြင်ဆင်တဲ့သူတွေက ရောဂါကူးစက်မှု မရှိအောင် စနစ်တကျ စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။
Community Non-Pharmaceutical Interventions လို့ခေါ်တဲ့ လူထုက လိုက်နာဆောင်ရွက်ရမယ့် ကိစ္စတွေပါ။ ဒါက အထူးသဖြင့် ကျွန်တော်ခုနက ဆွေးနွေးခဲ့သလို လူစုလူဝေးနဲ့ အခမ်းအနားကြီးတွေ ဆောင်ရွက်တာတို့ ဒါတွေက Mass Gathering လို့ခေါ်ပါတယ်။ အဲဒီမှာ ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အရေအတွက်အတိုင်း ဆောင်ရွက်မယ် ဆိုရင် ရောဂါကူးစက်မှုကို ထိန်းချုပ်ပြီးသား ဖြစ်ပါလိမ့်မယ်။ နောက်ဒီလိုပဲ Community Non-Pharmaceutical Interventions မှာ စက်ရုံ/အလုပ်ရုံကိစ္စတွေ၊ လူအများစုဝေးပြီး ဆောင်ရွက်ရတဲ့ အားကစားကိစ္စတွေစသဖြင့် ဒီလိုမျိုးထိန်းချုပ်တာတွေလည်းပဲ ရှိပါတယ်။
Environmental Non-Pharmaceutical Interventions က အိမ်မှာ လေဝင်လေထွက် ကောင်းအောင်၊ မဲရုံတွေမှာ စနစ်တကျ လေဝင်လေထွက်ကောင်းအောင်၊ အလင်းရောင်ရအောင် စနစ်တကျ ဆောင်ရွက်ထားတယ်။ ပုံမှန်သန့်ရှင်းရေးဆောင်ရွက်ထားတယ်။ ဒီလိုမျိုးဆောင်ရွက်ခြင်းအားဖြင့် ကိုဗစ်ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ပါ တယ်။
အတွေ့အကြုံတွေအရ Non-Pharmaceutical Interventions လို့ခေါ်တဲ့ ဆေးဝါးမပါဘဲ ကာကွယ်ထိန်းချုပ်နည်းကို တိတိကျကျသာ လိုက်နာဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ တစ်ပတ် အတွင်းမှာ ကူးစက်မှုကို ၆၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကာလမှာ စနစ်တကျ ပိုမိုပြီးစောင့်ကြပ်ကြည့်ရှုတဲ့ ကာကွယ် ထိန်းချုပ်လုပ်ငန်းတွေဟာ ကျွန်တော်ဆွေးနွေးခဲ့သလို Hawthorne Effect လို့ခေါ်တဲ့ ပုံမှန်ကာကွယ်ထိန်းချုပ်တဲ့ လုပ်ငန်းတွေပေါ်မှာ ထပ်ပိုးပြီး အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်တဲ့အတွက်ကြောင့် ရောဂါကာကွယ်ထိန်းချုပ်မှုတွေဟာ ပိုမိုပြီး ဆောင် ရွက်နိုင်မှာ ဖြစ်ပါတယ်။
ဥပမာ - Mask တပ်တာကအစ ရွေးကောက်ပွဲမှာ ပုံမှန်တပ်နေတဲ့ Surgical Mask တွေထက် ပိုပြီးကာကွယ်နိုင်တဲ့ KN95 Surgical Mask တွေကို သက်ဆိုင်ရာ မဲရုံတွေမှာ စီစဉ်ထားတဲ့အတွက် ကြောင့် တခြားသူကိုလည်း ရောဂါကူးစက်နိုင်မှာကို ပိုမိုဟန့်တားနိုင်မယ်။ သူများဆီက ရောဂါ ကူးစက်မှုကိုလည်း ဟန့်တားနိုင်မယ်။ အခုချိန်မှာ Mask တပ်တာဆိုရင် ရောဂါကာကွယ်ရုံသာမက တစ်ယောက်နဲ့တစ်ယောက် လေးစားမှုကို ပြတာလည်းဖြစ်ပါတယ်။
Mask တပ်တဲ့အတွက်ကြောင့် အိမ်တစ်အိမ်မှာ သံသယရောဂါလက္ခဏာရှိတဲ့ လူတစ်ယောက်ရှိရင်တောင် အဲဒီမိသားစုကို ၇၉ ရာခိုင်နှုန်းလောက် ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ သုတေသနရရှိချက်တွေ လည်း ရှိပါတယ်။ မဲရုံအပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ကူးစက်မှုမရှိအောင် အဖွဲ့အစည်းအသီးသီးနဲ့ ကြိုတင်ပြီး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
ဒေါက်တာသန္တာလွင်။ ။ ဆရာကြီးဆွေးနွေးသွားတဲ့အတွက် မဲဆွယ်စည်းရုံးတဲ့အချိန်နဲ့ မဲပေးတဲ့အချိန်မှာရော ကျွန်မတို့အနေနဲ့ လိုက်နာရမယ့်ကိစ္စတွေကို ပြည်သူတွေ အားလုံးသိသွားအောင် ဒီကနေ့ ဆွေးနွေးပွဲကနေ ပြောပြပေးနိုင်ပြီလို့ ထင်ပါတယ်။ ဆက်လက်ပြီး ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆရာဦးဝင်းဦးခိုင် လက်ခံရရှိထားတဲ့ မေးခွန်းတွေနဲ့ ပတ်သက် ပြီး ဖြေကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။
ဦးဝင်းဦးခိုင်။ ။ ဒီမှာလက်ခံရရှိထားတဲ့ မေးခွန်းက ကျွန်တော်က အသက် ၅၀ ကျော်၊ ဆီးချို ကလည်းရှိတော့ ကျွန်တော့်ကျန်းမာရေးအတွက် စိတ်ပူပါတယ်။ ရောဂါမကူးစေရေး၊ ကြိုတင်ကာကွယ်ထားမှု တွေကို သိလိုပါတယ်ဆိုပြီး မေးထားတဲ့ မေးခွန်းကို တွေ့ရပါတယ်။
အဲဒီတော့ ကော်မရှင်နဲ့ ကော်မရှင်ရုံးအနေနဲ့ တင်ပြရမယ်ဆိုရင် ဒီနှစ်က ဥပဒေပြဋ္ဌာန်းချက် အရလည်း ရွေးကောက်ပွဲကျင်းပရမယ့်နှစ် ဖြစ်နေပါတယ်။ ကိုဗစ် - ၁၉ ဖြစ်ပွားတဲ့အချိန် ပထမလှိုင်းမှာ အခြေအနေကို ကျွန်တော်တို့ စောင့်ကြည့်ပြီးထိန်းနိုင်တဲ့ အနေအထားဖြစ်ပြီ၊ နောက်တစ်ခုက ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေအရ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို စပြီးကြေညာလိုက်ပါတယ်။
ကြေညာပြီးတဲ့အချိန်မှာဘဲ ကိုဗစ်ဒုတိယလှိုင်းက စပြီးဖြစ်ပွားလာတော့ တဖြည်းဖြည်း ကျယ်ပြန့်လာပါတယ်။ ရွေးကောက်ပွဲကလည်း မဖြစ်မနေ ကျင်းပရမယ်ဆိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ လိုတယ်ဆိုပြီး သုံးသပ်ပါတယ်။ ကျွန်တော်တို့က မဲရုံလုပ်ငန်းစဉ်ကို သရုပ်ပြလုပ်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး သူတို့ရဲ့ သုံးသပ်ချက် ထွက်လာပါတယ်။
Contact များတဲ့နေရာ၊ Risk များတဲ့နေရာတွေနဲ့ ပတ်သက်ပြီး ဘာတွေဆောင်ရွက်မယ်၊ ဘယ်လိုလုပ်မယ်ဆိုပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စံလုပ်ငန်းလမ်းညွှန်တွေကို ရေးပေးတယ်။ ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေနဲ့ ကိုက် / မကိုက် နှစ်ဖက်ညှိနှိုင်းပြီး ဒါဆိုရင် ဒီလိုလုပ်ဖို့သင့်တယ်ဆိုပြီး ကျွန်တော်တို့ ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြလိုက်ပါတယ်။
တင်ပြပြီးတော့ မဲရုံအတွက် နောက်ထပ်တကယ့်လိုအပ်ချက်က ဘာလဲ၊ လက်တွေ့မှာ ဘယ်လိုရှိမလဲ၊ လက်ရှိမှာ ဖြစ်နေတဲ့ ကိုဗစ်-၁၉ အခြေအနေနဲ့ ဘာတွေဆက်လုပ်ဖို့ လိုသလဲဆိုပြီး တကယ့်မဲရုံလုပ်မယ့်နေရာမှာ သရုပ်ပြတယ်။ ကြည့်လိုက်ရင် မဲရုံအတွင်းမှာ ဆောင်ရွက်ရမယ့် အပိုင်းတွေ ရှိတယ်။ မဲရုံအပြင်မှာ ဆောင်ရွက်ရမယ့် အပိုင်းတွေရှိတယ်။ ကျွန်တော်တို့ ဒီမှာ သရုပ်ပြလိုက်တဲ့အခါ မဲရုံအတွင်းမှာ လိုအပ်တာက ပထမဆုံးမဲရုံအတွင်း စဝင်တာကစပြီး မဲရုံလုံခြုံရေးနဲ့ စထိတွေ့မယ်။ ပြီးရင် မဲစာရင်းစစ်ဆေးသူနဲ့ ထိတွေ့မယ်။ မဲလက်မှတ်ထုတ်ပေးသူနဲ့ ထိတွေ့မယ်။ ဆန္ဒပြုတဲ့နေရာ မှာ ဆန္ဒပြုတဲ့ တံဆိပ်တုန်းတွေ ကိုင်မိတာရှိတယ်။
ပထမ၊ ဒုတိယအကြိမ်မှာ ကျွန်တော်တို့ကတွေ့ရှိတဲ့အပေါ် မူတည်ပြီး ကော်မရှင်ရဲ့ အစီအစဉ် နဲ့ မဲရုံအဝင်မှာ Hand Gel နဲ့ လက်ကို ဆေးဖို့၊ တစ်ဦးချင်းအတွက် ပလပ်စတစ် လက်အိပ်တွေ ထုတ် ပေးဖို့ ဆောင်ရွက်ပါတယ်။ တကယ်လက်တွေ့လုပ်ကြည့်တဲ့အခါ ဒီလောက်နဲ့ မလုံလောက်ဘူး။ လက်တွေ့ဘာတွေ ထပ်လုပ်ဖို့လိုသလဲဆိုတော့ Hand Gel ထက် Hand Spray က ပိုပြီးအဆင် ပြေတယ်ဆိုပြီး မဲရုံအဝင်မှာ Hand Spray ဖြန်းဖို့ရယ်၊ နောက်တခါ Surgical Gloves တွေပေးဖို့ရယ်၊ N95 Mask ထုတ်ပေးဖို့ရယ်ကို ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားတဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒါကို ပူးပေါင်းပြီး စီစဉ် ဆောင်ရွက်ပေးပါတယ်။
တကယ့်လက်တွေ့ မဲရုံလုပ်မယ့် ဒီဖက်က ဥတ္တသီရိမြို့နယ်ထဲက မဲရုံတစ်ရုံကို သွားပြီး ကျွန်တော်တို့ လက်တွေ့ စမ်းသပ်ပါတယ်။ စမ်းသပ်ပြီး ဆောင်ရွက်လိုက်တဲ့အခါ မဲရုံအတွင်းအပြင် မဲရုံအပြင်ဘက်မှာလည်း လိုအပ်တဲ့ အနေအထားတွေကို တွေ့ရပါတယ်။ မဲရုံအပြင်ဘက်မှာ လူစုလူဝေးမဖြစ်ဖို့၊ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းနဲ့အညီ တစ်ဦးနဲ့တစ်ဦး ၆ ပေအကွာနေဖို့တွေ၊ စနစ်တကျတန်းစီဖို့တွေအတွက် အထွေထွေ အုပ်ချုပ်ရေးဌာနက စီမံပေးတဲ့ ဝန်ထမ်းတစ်ဦး၊ ကိုယ်အပူချိန်တိုင်းဖို့အတွက် ပညာရေးဝန်ကြီးဌာနက သူရဲ့ Non - contact Infrared Thermometer နဲ့အတူ ပညာရေးဝန်ထမ်းတစ်ဦး၊ နောက် Mask တွေ ဖြန့်ဝေဖို့၊ လက်ဆေးမယ့် Hand Spray တွေ ဖြန်းဖို့အတွက် ကျန်းမာရေးဝန်ထမ်းတစ်ဦး၊ ၃ ဦးနဲ့အပြင်မှာ အဖွဲ့တစ်ဖွဲ့ ဖွဲ့ပေးပါတယ်။
ကျွန်တော်တို့ ကိုယ်အပူချိန် တိုင်းတဲ့အဖွဲ့ရယ်၊ နောက်တစ်ခါ Hand Spray ဖြန်းတဲ့အဖွဲ့တွေ က ၂ နာရီခွဲ တစ်ကြိမ် လဲနိုင်ဖို့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ကပေးတဲ့ Volunteer တစ်ဦးစီ ထပ်ပေးတယ်။ အဲဒီတော့ မဲရုံအပြင်မှာ ၅ ဦးအဖွဲ့နဲ့ ကျန်းမာရေးကို ကြိုတင်ကာကွယ်ဖို့အတွက် ကျွန်တော်တို့ လုပ်ထားပါတယ်။ အတွင်းထဲမှာ ကျွန်တော်တို့ မဲရုံအဖွဲ့ရှိပါတယ်။ ပုံမှန်ဆိုရင် ၁၀ ယောက် ရှိပါတယ်။ မဲရုံကနေ မဲပေးပြီး၊ ဆန္ဒပြုပြီးလို့ ပြန်ထွက်တဲ့အခါ လက်မှာမင်တို့ဖို့အတွက် လုပ်တဲ့အချိန်မှာ Hand Spray နဲ့ဆိုရင် သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ ပြီးနိုင်ဖို့ နည်းနည်းလေး အခက်အခဲရှိတဲ့အတွက် အဲဒီမှာ မဲရုံအဖွဲ့ဝင် တစ်ယောက်တိုးလိုက်ပါတယ်။
တာဝန်ကျတဲ့ မဲရုံအဖွဲ့အားလုံးသည်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး နည်းလမ်းတွေအတိုင်းပဲ အားလုံးက KN95 Mask ပါမယ်။ Surgical Gloves ပါမယ်။ Face Shield တွေပါမယ်။ နောက်ပြီး မဲရုံမှူး၊ ဒုမဲရုံမှူးနဲ့ အဖွဲ့ကတော့ ရှေ့က Apron ပါမှာ ဖြစ်ပါတယ်။
မဲရုံဝင်ခါနီး ကိုယ်အပူချိန်တိုင်းလိုက်တဲ့အချိန်မှာ ကိုယ်အပူချိန်မြင့်နေရင် ဘယ်လိုစီစဉ် ဆောင်ရွက်မလဲဆိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ စီမံထားပါတယ်။ ကိုယ်အပူချိန်မြင့်နေရင် မဲရုံထဲဝင်ပြီး မဲပေးတာ မလုပ်ခိုင်းပါဘူး။ သူ့ကို မဲပေးဖို့အတွက် မဲရုံအပြင်မှာ အခန်းသတ်သတ် လုပ်ပေးထားပါတယ်။ အဲဒီအခန်းမှာ သူ့ကိုထားမယ်။ ဒုတိယမဲရုံမှူးက သူ့ဆီလာမယ်။ သူနဲ့ တိုက်ရိုက်ထိတွေ့ခြင်းမရှိဘဲ သူ့ရဲ့ Voter Slip တို့၊ မှတ်ပုံတင်တို့ကို ယူမယ်။
ယူပြီးရင် မဲရုံအထဲကို ဒုမဲရုံမှူးပဲ ဝင်မယ်။ ဝင်ပြီးတော့ လိုအပ်တဲ့ မဲလက်မှတ်တွေယူမယ်။ သူ့ဆီပြန်လာမယ်။ မဲလက်မှတ်ကို သူ့ကိုပြမယ်။ သူ့ရဲ့ဆန္ဒအတိုင်း ဒုမဲရုံမှူးက ဆန္ဒပြုပေးမယ်။ ပြီးရင် ဒုမဲရုံမှူးပဲ အဲဒီမဲလက်မှတ်ကို မမြင်အောင်ခေါက်ပြီး ယူသွားမယ်။ မဲပုံးထဲ ထည့်ပေးမယ်။ မဲပုံးထဲထည့်တာကိုလည်း မဲဆန္ဒရှင်က မြင်သာတဲ့နေရာ၊ ပြတင်းပေါက် သို့မဟုတ် ခန်းမအဝင် အပေါက်တွေက၊ လူအားလုံးနဲ့ ဝေးတဲ့နေရာကနေ ကြည့်ပေးမယ်။
ပြီးရင်တော့ သူ့ကို မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုကော်မတီကို အပ်နှံလိုက်မှာ ဖြစ်ပါတယ်။ အပ်နှံပြီး ကုသရေးအတွက် ဆောင်ရွက်မှာဖြစ်ပါတယ်။ မဲရုံအတွင်း၊ မဲရုံ အပြင်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ၊ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေနဲ့အညီ ကျွန်တော်တို့က အားလုံးဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ အဲဒီ စည်းကမ်းတွေအတိုင်း လိုက်နာမယ်ဆိုရင်တော့ စိတ်ချလက်ချမဲပေးနိုင်ပါတယ်လို့ ကျွန်တော့်အနေနဲ့ ဆွေးနွေးတင်ပြလိုပါတယ်။
ဒေါက်တာသန္တာလွင်။ ။ ဆွေးနွေးတင်ပြပေးတဲ့ ဆရာဦးဝင်းဦးခိုင်ကို ကျေးဇူးတင်ပါတယ်။ နောက်ဆုံး ကျွန်မအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ ပြုလုပ်ရမယ့် ရွေးကောက်ပွဲအောင်မြင်ဖို့အတွက် ကျွန်မတို့ ဌာနအနေနဲ့ စီမံဆောင်ရွက် ထားတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးမေးထားတဲ့ မေးခွန်းတွေကို ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။
မေးခွန်းတစ်ခုက ရွေးကောက်ပွဲမှာ တာဝန်ကျတဲ့ အထူးရဲတွေကို ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးတယ်။ ပညာရေး ဝန်ထမ်းတွေကိုရော စစ်ဆေးပေးမှာလား။ ရောဂါမကူးအောင် ဘာတွေလုပ်ရမလဲဆိုတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ နောက်မေးခွန်းက ဆရာဦးဝင်းဦးခိုင် ဖြေသွားတဲ့ ကျွန်တော် သေချာပေါက် မဲသွားပေးမှာပါ။ ဒါပေမယ့် ကျွန်တော့်မှာ အသက်လည်း ၅၀ ကျော်ပြီ၊ ဆီးချိုရောဂါလည်း ရှိတယ်။ ဒါဆိုရင် ကျွန်တော် ဘာတွေ ကြိုတင်ကာကွယ်ရမှာလဲ သိလိုပါတယ်။ နောက် မေးခွန်းတစ်ခုက ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်ထားလဲ၊ ပြည်သူတွေသိအောင် ပြောပြပေးပါဆိုတာ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို တစ်စုတည်း ဖြေကြား ပေးသွားမှာ ဖြစ်ပါတယ်။
ပထမဆုံးမေးထားတဲ့ မေးခွန်းနဲ့စပ်လျဉ်းလို့ အထူးရဲတွေကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ /မရှိ စစ်ဆေးပေးပါတယ်။ ဒါပေမယ့်ကျန်တဲ့မဲရုံမှာတာဝန်ချထားမယ့် မဲရုံဝန်ထမ်းတွေ၊ ပညာရေးဌာန ကရော ၊ ကျန်းမာရေးဌာနကရော တာဝန်ချထားမယ့် စေတနာ့ဝန်ထမ်းတွေလည်း ရှိပါတယ်။
အဲဒီလူတွေကို စစ်ဆေးပေးမှာမဟုတ်ဘဲ တာဝန်ချထားတဲ့ ဝန်ထမ်းတွေအားလုံးကို လုံလောက်တဲ့ တစ်ကိုယ်ရေ အကာကွယ်ပစ္စည်းတွေကို ဝတ်ဆင်ပေးစေခြင်းဖြင့် ရောဂါကူးစက်ခြင်း မရှိအောင် ကာကွယ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုပဲ မဲလာပေးမယ့် မဲဆန္ဒရှင်တွေကလည်း နှာခေါင်းနဲ့ပါးစပ်ကို KN 95 Mask ဝတ်ဆင်ပြီးမှ မဲရုံအတွင်းဝင်ပြီးတော့ မဲပေးရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အပြန်အလှန်ကာကွယ်ထားပြီးဖြစ်တဲ့အတွက် လုံခြုံစိတ်ချစွာမဲပေးနိုင်ဖို့ ကျွန်မတို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ကိုဗစ် - ၁၉ ဖြစ်ပွားမှု များပြားနေတဲ့ မြို့နယ်တွေဆိုရင် မဲဆန္ဒရှင်တွေကို KN 95 Mask အပြင် Face Shield ပါ ထုတ်ပေးပြီးတော့မှ မဲပေးဖို့အတွက် စီစဉ်သွားမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ပံ့ပိုးပြီး အကြံတွေပြုခဲ့သလဲဆိုတာကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ဇွန်လတည်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ စတင်ညှိနှိုင်းဆွေးနွေးပွဲတွေ၊ မဲရုံကို ဘယ်လိုကျင်းပကြမယ်၊ မဲပေးဖို့ ဘယ်လို ဆောင်ရွက်ကြမယ်ဆိုတဲ့ Demonstration တွေ လုပ်ပြီး အဆင့်ဆင့် ဆွေးနွေးညှိနှိုင်းပြီးတဲ့အခါမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီဗဟိုကော်မတီရဲ့အောက်မှာ တိုင်းဒေသကြီး/ပြည်နယ် ၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ကော်မတီတွေကို ဆက်လက်ဖွဲ့စည်းထားပါတယ်။ ဗဟိုအဆင့်ကော်မတီမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဉက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး လိုအပ်တဲ့စံလုပ်ငန်းလမ်းညွှန်တွေကို ထုတ်ပြန်တဲ့အခါမှာလည်း ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်ဖြစ်တဲ့အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြပြီး ကျွန်မတို့ရဲ့ စံလုပ်ငန်းလမ်းညွှန်တွေကို အပိုင်း(၁) မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်လို့ လည်းကောင်း၊ အပိုင်း(၂)အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာမှာ မည်ကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်ပြီး ကူးစက်ရောဂါကို ကာကွယ်နိုင်ဖို့တွက် ဆောင်ရွက်ရမလဲဆိုတာတွေကို ပြဋ္ဌာန်းပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒီလုပ်ငန်းလမ်းညွှန်တွေကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဝက်ဘ်ဆိုဒ်တွေမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။
ဒီလုပ်ငန်းလမ်းညွှန်တွေကို မဲရုံတွေမှာ တာဝန်ပေးထားတဲ့ မဲရုံဝန်ထမ်းတွေက အတိအကျလိုက်နာဖို့အတွက် သင်တန်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရပ်ကျေးအထိကို ရပ်ကျေးကော်မရှင် အဖွဲ့ခွဲတွေကနေ တစ်ဆင့် အဆင့်အဆင့် သင်တန်းတွေပေးပြီးဖြစ်သလို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ခုနက ဆရာဦးဝင်းဦးခိုင်ပြောသွားတဲ့ အပြင်စည်းနဲ့ အတွင်းစည်း မှာရှိမယ့် အဖွဲ့တွေကို ဘယ်လိုလိုက်နာရမလဲဆိုတာတွေကို ဗဟိုအဆင့်ကနေ သင်တန်းပေးပါတယ်။ တိုင်းဒေသကြီး / ပြည်နယ်အဆင့်နဲ့ မြို့နယ်အဆင့်ဆင့်ကို အောက်တိုဘာလကုန် ၃၁ ရက်မှာအပြီး သင်တန်းပေးပြီး ဖြစ်ပါတယ်။
ဒီလိုဆင့်ပွားသင်တန်းတွေ ပေးပြီးတဲ့နောက်မှာ သူတို့ တကယ်အသုံးပြုရမယ့် တစ်ကိုယ်ရည်သုံး အကာအကွယ် ပစ္စည်းတွေကိုလည်း ကျွန်မတို့ဖြန့်ဖြူးပေးပြီး ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနေတဲ့ အချိန်ဖြစ်တဲ့အတွက် မဲရုံနေရာ ရွေးချယ်တာကအစ ကျွန်မတို့ရဲ့ လုပ်ငန်းလမ်းညွှန်ထဲမှာ ဖော်ပြပါရှိတာက လေဝင်လေထွက်ကောင်းပြီး နေရာကျယ်ဝန်းတဲ့နေရာမျိုးကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းတွေကို အများစုရွေးချယ်တာ ဖြစ်ပါတယ်။
အဲဒီလို ရွေးချယ်ထားတဲ့နေရာတွေကို အသုံးပြုပြီး မဲရုံတည်ဆောက်ဖို့အတွက် ဖြစ်ပါတယ်။ ပြီးတော့ အဝင်တစ်လမ်း၊ အထွက်တစ်လမ်း ရှိရမယ်။ တကယ်လို့ မဲရုံကို မဲလာပေးတဲ့ ဆန္ဒရှင် တွေက အလွန်များတယ်ဆိုရင် အဆိုင်းခွဲပြီး လမ်းတွေကို လိုင်းအလိုက် သတ်မှတ်ဖို့ စီစဉ်ထား ပါတယ်။
ဒီလိုင်းတွေမှာ တန်းစီမယ့်လူတွေကလည်း တစ်ဦးနဲ့တစ်ဦး ထိကပ်နေလို့ မဖြစ်တဲ့အတွက် စုဝေးမှုမဖြစ်အောင် လည်း ၆ ပေစီခြားပြီးတော့မှ အမှတ်အသားတွေပြုပြီး မဲပေးနိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒီမှာ အလွန်အရေး ကြီးတာက အမှိုက်တွေ၊ Mask တွေကို လွှင့်ပစ်လို့မဖြစ်တဲ့အတွက် အဖုံးပါတဲ့ အမှိုက်ပုံးတွေ ချထားပေးဖို့အတွက်ကို စီစဉ်ထားတာဖြစ်ပါတယ်။
မဲရုံကို အသုံးမပြုခင် ပြင်ဆင်နေတဲ့အချိန်မှာ ပိုးသတ်ခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ဖို့ကြိုတင်ပြီး စီစဉ်ထား ပါတယ်။ ကျွန်မတို့ ကျန်းမာရေးဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ရမယ့် ပုဂ္ဂိုလ် တွေဆိုရင်လည်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးတွေရဲ့ အမည်တွေ၊ ဖုန်းနံပါတ်တွေကို ကျွန်မတို့ရဲ့ စံလုပ်ငန်းလမ်းညွှန်ထဲမှာ ထည့်သွင်းပြီး ချိတ်ဆက်ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။
အရေးအကြီးဆုံးအချက်က ပညာပေးပိုစတာတွေကို မဲရုံအဝင်ဝတွေမှာ ကပ်ထားပေးဖို့ မဲရုံတိုင်းမှာ စီစဉ်ထားတာ ဖြစ်ပါတယ်။ မဲရုံဝန်ထမ်းတွေအနေနဲ့ တာဝန်ထမ်းဆောင်ဖို့ မဲရုံကိုလာတဲ့အချိန်၊ မဲပေးမယ့်နံနက်မှာ သူသည် ချောင်းဆိုးနေတယ်၊ ဖျားနေတယ်၊ နောက်ပြီး ဖျားနေတဲ့သူ မိသားစုထဲမှာရှိပြီး ထိတွေ့မှုရှိတယ်။ ဒါမှမဟုတ်ရင် အသွားအလာကန့်သတ်ထားတဲ့သူတွေနဲ့ ထိတွေ့မှု ရှိတယ်။ ဒါမှမဟုတ် ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ ထိတွေ့မှု ရှိတယ်။ ဒီလို အခြေအနေမျိုးရှိခဲ့ရင် မဲရုံမှူးကို ခွင့်တိုင်ကြားပြီး တာဝန်လာရောက်ထမ်းဆောင်ခြင်း မပြုဖို့ လိုအပ် ပါတယ်ဆိုတာကို ကျွန်မ ဖြေကြားလိုပါတယ်။
ဝန်ထမ်းတွေအားလုံးက ထုတ်ပေးထားတဲ့ တစ်ကိုယ်ရည်သုံး အကာအကွယ်ပစ္စည်းတွေကို မှန်ကန်စွာဝတ်နိုင်ဖို့ လိုအပ်ပါတယ်။ Mask ကို သေသေချာချာတပ်ဖို့ ကျွန်မတို့မှာ ပိုစတာတွေလည်း ရှိတယ်။ ဗွီဒီယိုလည်း ရိုက်ထားပါတယ်။ အဲဒီအတိုင်း မှန်ကန်စွာ အသုံးပြုဖို့ လိုပါတယ်။ Face Shield ကိုလည်း မှန်ကန်စွာတပ်ဖို့၊ Gloves ကိုလည်း မှန်ကန်စွာသုံးဖို့ လိုအပ်ပါတယ်။
နေ့လယ်ထမင်းစားချိန်မှာ ခဏဖြုတ်ခဲ့မယ်ဆိုရင်လည်း သေသေချာချာ စွန့်ပစ်ပြီး အသစ် ပြန်လည်အသုံးပြုဖို့ လုံလောက်အောင် ပစ္စည်းထုတ်ပေးနိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ထားမယ်ဆိုရင် ကျွန်မတို့ရဲ့ မဲရုံဝန်ထမ်းတွေဖက်ကလည်း လုံခြုံစိတ်ချစွာ တာဝန်ထမ်းဆောင်နိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။
အခြားတစ်ဖက်က မဲဆန္ဒရှင်တွေကလည်း ကျွန်မတို့ ထုတ်ပေးတဲ့ KN95 Mask ကိုသုံးပြီး ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ လမ်းညွှန်ချက်အတိုင်း မှန်ကန်တိကျစွာ အသုံးပြုပြီးဆောင်ရွက်သွားမယ်ဆိုရင် လုံခြုံစိတ်ချစွာ မဲပေးနိုင်မှာ ဖြစ်ပါတယ်။
နောက်ကျွန်မတို့ ကျန်းမာရေးအပိုင်းက တာဝန်ရှိတဲ့ အပိုင်း ၂ ချက်ကျန်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ မဲပေးပြီးလို့ အကုန်လုံးပြန်သွားလို့ မဲရုံပိတ်ပြီးတဲ့ အချိန်၊ မဲရေတွက်ရမှာ ဖြစ်ပါ တယ်။ မဲရေတွက်ခြင်းလုပ်ငန်းတွေကိုလည်း စနစ်တကျ ဆောင်ရွက်ရမှာ ဖြစ်တယ်။ မဲရေတွက်တဲ့ ပုဂ္ဂိုလ်တွေအကုန်လုံးလည်း KN95 Mask ၊ Face Shield နဲ့ Surgical Gloves တွေကို မဖြစ်မနေဝတ်ဆင်ပြီးမှ မဲရေတွက်ရမှာ ဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး ၆ ပေ အကွာအဝေးထားပြီး ရေတွကရမယ်။ လိုအပ်ရင် Hand Sanitizer Spray နဲ့လည်း လက်ကို မကြာခဏသန့်စင်ပြီး စီစဉ်ဆောင် ရွက်ရမှာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ အုပ်စုတစ်ခုရှိပါတယ်။ မဲရုံအတွင်းမှာ မဲရုံဝန်ထမ်းအပြင်၊ မဲဆန္ဒရှင်တွေအပြင် မဲပေးတဲ့အချိန်မှာ စောင့်ကြည့်နေမယ့်ပါတီက ပုဂ္ဂိုလ်တွေ၊ လာရောက်လေ့လာသူတွေကလည်း ကျွန်မတို့ သတ်မှတ်ပေးထားတဲ့ တစ်ကိုယ်ရေသုံးအကာအကွယ်ပစ္စည်းတွေကို ဝတ်ဆင်ပြီး ၆ ပေ စီခြားပြီးမှ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မဲရေတွက်တဲ့အချိန်မှာလည်း ဒီပုဂ္ဂိုလ်တွေသည် ဒီလိုစည်းမျဉ်း စည်းကမ်းတွေကို လိုက်နာပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မဲပေးပြီးတဲ့အခါ၊ မဲရေတွက်မှုလုပ်ငန်းတွေ အကုန်လုံးပြီးသွားတဲ့အခါ ကျွန်မတို့အနေနဲ့ ပိုးသတ်ခြင်းလုပ်ငန်း ကိုလည်း စနစ်တကျဆောင်ရွက်သွားဖို့ လုပ်ငန်းလမ်းညွှန်မှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ မဲရုံဝန်ထမ်းတွေရော၊ စေတနာ့ဝန်ထမ်းတွေရော ဒီလုပ်ငန်းလမ်းညွှန်အတိုင်း အတိအကျ ဆောင်ရွက်သွားကြမယ်ဆိုရင် ပြည်သူတွေ အားလုံးသည် စိတ်ချယုံကြည်စွာ ရွေးကောက်ပွဲမှာ မဲပေးနိုင်မယ်ဆိုတာကို ယုံကြည်ပါတယ်။ ရွေးကောက်ပွဲကလည်း ဒီအစီအမံတွေနဲ့ အောင်မြင်စွာ ကျင်းပနိုင်မယ်လို့ ယုံကြည်ကြောင်း တင်ပြလိုပါတယ်။
ဒီနေ့မှာ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ မေးခွန်းတွေကို ရွေးထုတ်ပြီး ဖြေကြားခဲ့တာဖြစ်ပါတယ်။ ဒီနေ့အစီအစဉ်မှာ ဖြေကြားပေးတဲ့ ဆရာကြီးပါမောက္ခ ဒေါက်တာဦးစိုးလွင်ငြိမ်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဆရာဦးဝင်းဦးခိုင်တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်ရှင်။