လှိုင်းဘွဲ  ၄  နိုဝင်ဘာ

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို နိုင်ဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များနှင့်အညီ စီစဉ်ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ရက်များတွင် ကြိုတင်မဲပေးရန် အကျုံးဝင်သည့် မဲဆန္ဒရှင်ပြည်သူများ၊ Quaratine Center များတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသည့် မဲဆန္ဒရှင်ပြည်သူများ၊ အသက်(၆၀)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေးမဆုံးရှုံးစေရန် ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ (၂၉)ရက်နေ့က စတင်၍ သတ်မှတ်နေရာများအလိုက် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် နေအိမ်များတွင် ကြိုတင်ဆန္ဒမဲပေးခြင်းများကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

ကြိုတင်ဆန္ဒမဲ လာရောက်ပေးသူများကို မဲရုံပြင်ပ ကြီးကြပ်ရေးတာဝန်ထမ်းဆောင်နေသူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်များသန့်စင်ပေးခြင်း၊ နှာခေါင်းစည်းများ ထုတ်ပေးခြင်း၊ မဲရုံမှူးများက မဲစာရင်းစစ်ဆေးခြင်း၊ မဲလက်မှတ်ထုတ်ပေးခြင်း၊ လက်မှတ်ရေးထိုးစေခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များ အချိန်ကြန့်ကြာမှု မရှိစေရေးတို့အတွက် ကူညီဆောင်ရွက်ပေးကြသည်။

 

လှိုင်းဘွဲမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု (၈၅)အုပ်စုတွင် မဲရုံပေါင်း (၁၇၆)ရုံရှိပြီး မဲဆန္ဒရှင် စုစုပေါင်း (၂၃၉၆၂၀)ဦးရှိကာ ရပ်ကွက်/ကျေးရွာ အုပ်စု(၃၃)အုပ်စု မဲဆန္ဒနယ်အမှတ်(၁)တွင် အသက်(၆၀)နှစ် ပြည့်ပြီးသူ မဲဆန္ဒရှင် (၁၃၃၅၅)ဦးနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု(၅၂)အုပ်စု မဲဆန္ဒနယ်အမှတ်(၂)တွင် အသက်(၆၀)နှစ် ပြည့်ပြီးသူ မဲဆန္ဒရှင် (၁၂၅၆၆)ဦး စုစုပေါင်း (၂၅၉၂၁)ဦး ရှိရာ ဆဋ္ဌမမြောက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးပြီးသူ (၁၅၃၆၂)ဦး ဆန္ဒမဲပေးပြီးကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)