မင်းလှ  ၄ နိုဝင်ဘာ 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ သက္ကယ်ကျင်းကျေးရွာ၌ မြစိမ်းရောင် စီမံကိန်း အတိုးရငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် ၄၀၀ ဗို့အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

သက္ကယ်ကျင်းကျေးရွာတွင် လျှပ်စစ်မီးရရှိရေးအတွက် ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း ၅၀၀၀ ပေ သွယ်တန်းခြင်း လုပ်ငန်းများကို မြစိမ်းရောင်စီမံကိန်းမှ အတိုးရငွေကျပ် ၁၁ သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၂၈ ဒသမ ၀၇၉၃ သန်း စုစုပေါင်း ငွေကျပ် ၃၉ ဒသမ ၀၇၉၃ သန်းတို့ဖြင့် ယခုနှစ် စက်တင်ဘာလအတွင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်သောကြောင့် အိမ်ခြေ ၁၆၁ အိမ်မှ လူဦးရေ ၆၆၇ ဦးတို့ လျှပ်စစ်မီးရရှိနေပြီ ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ က ပြောပြ၍ သိရသည်။

 

အဆိုပါ ၄၀၀ ဗို့အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိနှင့် ဝန်ထမ်းများမှ ယနေ့နံနက် ၁၀ နာရီက ကျေးရွာမြစိမ်းရောင် စီမံကိန်းကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း ရေရှည်တည်တံ့ ခိုင်မြဲစေရေး ကျေးရွာမီးလင်းရေး ကော်မတီနှင့် ကျေးရွာသူ ကျေးရွာသားများမှ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် မြစိမ်းရောင်စီမံကိန်းမှ အတိုးရငွေများကိုလည်း လေလွင့်ဆုံးရှုံးမှု မရှိစေရေး လက်စွဲစာစောင်ပါ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် သွားကြရန် မြို့နယ်ဦးစီးမှူးက ဆွေးနွေးမှာကြားခဲ့သည်။

 

မင်းလှမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်း ကိုကျေးရွာ ၃၈ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာပေါင်း ၁၆ ရွာ၌ ရေရရှိရေး လုပ်ငန်း ၅ ခု မီးလင်းရေး လုပ်ငန်း ၇ ခု လမ်းလုပ်ငန်း ၃ ခု ကျေးရွာခန်းမဆောင် ၁ ခုအား မြစိမ်းရောင်စီမံကိန်း အတိုးရငွေကျပ် ၁၂၂ ဒသမ ၀၅ သန်း ပြည်သူထည့်ဝင်ငွေ ၁၀၇ ဒသမ ၈၄၃၈၇ သန်း၊ စုစုပေါင်း ၂၂၉ ဒသမ ၈၉၃၈၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ က ဆက်လက်ပြောပြသည်။

ငြိမ်းသူ