တွံတေး  ၄   နိုဝင်ဘာ

လျှပ်စစ်နှင်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို့ရေးရှင်း ရန်ကုန်တောင်ပိုင်း ခရိုင်၊ တွံတေးမြို့နယ်  ခလုပ်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် (၃၃/၁၁)ကေဗွီ၊ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံသစ်ဖွင့်ပွဲကို ယနေ့နံနက် ၁၁ နာရီက အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပသည်။

 

ရန်ကုန်တိုင်းဒေသကြီး၊  တွံတေးမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများအား လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးရေးအတွက် (၃၃/၁၁)ကေဗွီ၊ (၅)အမ်ဗွီအေ ခလုပ်ဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တွံတေးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်တို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ကမ္ပည်းကျောက်စာကို အမွှေးနံသာများ ပက်ဖျန်းပေးကာ ဓာတ်အားခွဲရုံကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်သည် 33KV  ကနောင်-ကွမ်းခြံကုန်းဖီဒါနှင့် 33KV လှိုင်သာယာ-တွံတေးဖီဒါတို့မှ ဓာတ်အားရယူထားသော မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး စုစုပေါင်းခွဲရုံ(၄)ရုံမှ တွံတေးမြို့ပေါ်(၈)ရပ်ကွက်နှင့် ကျေးရွာ (၁၁၆)ရွာတို့ကို ဓာတ်အားဖြန့်ဖြူးပေးထားကြောင်း သိရသည်။

 

တွံတေးမြို့နယ်အတွင်း မီးလင်းရန်ကျန်ရှိသည့် ကျေးရွာနေပြည်သူများ ယုံကြည် အားကိုးရသည့် အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားကိုသုံးစွဲနိုင်ရန် ရည်ရွယ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် 33/11KV 5MVA ခလုပ်ဓာတ်အားခွဲရုံနှင့် 33/11KV 5MVA မယ်ပြေကျွန်းဓာတ်အားခွဲရုံတို့ကို တည်ဆောက်ခဲ့ကြောင်း သိရသည်။

 

ယခုဖွင့်လှစ်သော ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးရန် ထရန်စဖော်မာ(၁၁)လုံး ဓာတ်အားရရှိသည့် ကျေးရွာ(၁၁)ရွာ၊ ဓာတ်အားရရှိမည့် အိမ်ထောင်စုပေါင်း(၁၇၉၄)စု နှင့်  ၂၀၂၀ပြည့်နှစ် နှစ်အကုန်တွင် ထပ်မံဓာတ်အားရရှိမည့်  ကျေးရွာပေါင်း(၆၃)ရွာ၊  အိမ်ထောင်စု(၇၉၈၄)စု ရရှိမည့်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နှစ်အကုန်တွင် တွံတေးတစ်မြို့နယ်လုံး (၁၀၀)ရာခိုင်နှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိတော့မည့် ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)

 

 IMG_20201104_091