ညောင်ဦး ၄ နိုဝင်ဘာ
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ညောင်ဦးမြို့နယ်၌ ကြိုတင်ဆန္ဒမဲ ပေးကြသူများသည် အောက်တိုဘာ ၂၉ ရက် နံနက် ပိုင်းမှ စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးများသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ပေးလျှက်ရှိရာ ၉၃၉၃၉ ဦး ကြိုတင်ဆန္ဒမဲ ပေးပြီးဖြစ်ကြောင်း ညောင်ဦးမြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံက သိရသည်။
အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံးများသို့ လာရောက် ဆန္ဒမဲပေးလျက်ရှိပြီး ကိုယ်တိုင် မလာရောက်နိုင်သည့် သက်ကြီးရွယ်အိုများအတွက် အိမ်တိုင်ရာရောက် လိုက်လံ ကောက်ယူလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် မဲရုံပေါင်း ၃၇၆ ရုံ၊ မဲပေးပိုင်ခွင့်ရှိသူ ၂၀၅၉၇၇၊ နိုင်ငံရေးပါတီ ခုနစ်ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆ ဦး၊ တစ်သီးပုဂ္ဂလတစ်ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ကြိုတင်ဆန္ဒမဲပေးကြရာတွင် အောက်တိုဘာ ၂၉ ရက်နေ့ နိုဝင်ဘာ ၃ ရက်အထိ ၉၃၉၃၉ ဦး ကြိုတင်ဆန္ဒမဲပေးခဲ့ပြီး ယနေ့ နိုဝင်ဘာ ၄ ရက်နေ့လည်း ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌ ဦးချိုဦး က ပြောသည်။
မောင်မောင်ထိန်၊ ကျောက်ပန်တောင်း


