တံတားဦး ၄ နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာများတွင်  ထိုင်ဝမ်သင်္ဘောကို စီးပွားဖြစ်စိုက်ပျိုးမှု များပြားလျက်ရှိရာ  လက်ရှိကာလ တန်ဆောင်းမုန်းလအမီ ချိန်ဆစိုက်ပျိုးသော  သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ထိုင်ဝမ်သင်္ဘောစိုက်ပျိုးမှုတွင် ရွှေနီ (၁၆၈) မျိုးကို အများဆုံး စိုက်ပျိုးကြသည်။ ပျိုးထောင်မှု မပြုလုပ်မီ ပျိုးအိတ်အတွင်း မြေဆီ မြေဆွေးများကို ရောစပ်ထည့်ကာ ပိုးသတ်ထားရသည်။ ပိုးသတ်ပြီး မျိုးအိတ်အတွင်း ထိုင်ဝမ်သင်္ဘောမျိုးစေ့ထည့်ကာ ပျိုးထောင်ကြရသည်။ ပျိုးထောင်ပြီး (၄၅) ရက်အကြာတွင် မြေချကာ စိုက်ပျိုးကြရသည်။ သင်္ဘောပင်များကို စနစ်တကျ ကျင်းပြုလုပ်ကာ စိုက်ပျိုးပြီး  ရက်ခြားရေလောင်းကာ ပြုစုရသည်။ ရေလောင်းခြင်း ပေါင်းဆွခြင်း၊ မြေသြကျွေးခြင်းများ ကိုစနစ်တကျ ပြုလုပ်ကာ စိုက်ပျိုးကြရသည်။

မြေချစိုက်ပျိုးပြီး တစ်လခွဲခန့် အကြာတွင် အပင်ပတ်လည် ပေါင်ဖို့ခြင်းများ ပြုလုပ်ပေးရသည်။ နောက်ပိုင်းတွင် အပင်ခြေ ပေါင်းမရှုပ်ရေး ဂရုတစ်စိုက် ပြုလုပ်ပေးရသည်။ စိုက်ပျိုးပြီး ခြောက်လကျော် ခုနှစ်လတွင် သင်္ဘောပင်များ  အပွင့်ပွင့်ကြသည်။ စတင်စိုက်သည်မှစကာ ရှစ်လ ကိုးလတွင် သင်္ဘောသီး ဆွတ်ခူးကြရသည်။ လက်ရှိကာလ စီးပွားဖြစ် စိုက်ပျိုးသော  သင်္ဘောပင်များ အသီးလှိုင်လှိုင်သီးနေပြီဖြစ်သည်။

သင်္ဘောသီးမှာ ဈေးကွက်ခိုင်မာပြီး ဝယ်ယူသူများကိုယ်တိုင် ခြံထဲအထိ ကိုယ်တိုင်ဆွတ်ခူးသည့် စနစ်ဖြင့် ရောင်းချပေးကြသည်။ သင်္ဘောသီးရောင်းချရာတွင် အစိမ်းရောင်းချခြင်းနှင့် အမှည့်ရောင်းချခြင်းဟူ၍ နှစ်မျိုးနှစ်စား ရောင်းချကြသည်။ လက်ရှိကာလ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေချိန် သင်္ဘောသီးဈေးကွက် ကျဆင်းသော်လည်း  အထိုက်အလျောက် အကျိုးအမြတ် ရနိုင်မည်ဖြစ်ကြောင်း သင်္ဘောစိုက်ပျိုးသူတစ်ဦးက ရှင်းပြသည်။

တိမ်တမန်