နေပြည်တော်  ၄  နိုဝင်ဘာ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁ ရက် ညပိုင်းတွင် မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာအုပ်စု၊ ပန်တိုင်းကျေးရွာနေ အေးနှင်းစိုး(ခ) မအိ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၄၈၀ နှင့် မြန်မာငွေကျပ် ၅၀,၀၀၀ တို့ကိုလည်းကောင်း၊ 

အလားတူ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေးသွား ကားလမ်းတွင် စိုင်းအောင်သူမြင့် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၃၄ နှင့် မြန်မာငွေကျပ် ၉၀,၀၀၀ တို့ကိုလည်းကောင်း၊ အလားတူ အဆိုပါနေရာ၌ပင် စိုင်းဇော်မျိုးသက် (ခ)စိုင်းလောင်း မောင်းနှင်ပြီး မနန်းမိုဟွမ်(ခ)အေးမို လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြားနှင့် မြန်မာငွေကျပ် ၃၀,၀၀၀တို့ကိုလည်း ကောင်း၊

ထို့အတူ နိုဝင်ဘာ ၂ ရက်နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ တုန်ခန်နေကျေးရွာ၊ အိမ်အမှတ် (တခန-၁၇)နေ စိုင်းငို့(ခ)အိုက်ငို့ ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၈၀၀ ကိုလည်းကောင်း၊ 

အလားတူ နိုဝင်ဘာ ၂ ရက် ညနေ ၃  နာရီတွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ ဝမ်စိမ်း ကျေးရွာအနီး၊ ဝမ်စိမ်း-ဆိုင်းမွန်သွား ကားလမ်းတွင် ကျဘိုမောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅ ကိုလည်းကောင်း၊ ကွင်းဆက်အရ ပူးပေါင်းအဖွဲ့သည် ဝမ်စိမ်းကျေးရွာနေ ယားပါ၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၀၀၀ နှင့် မြန်မာငွေကျပ် ၁၂၆,၅၀၀ တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။  

(ရဲပြန်ကြား)