နေပြည်တော်  ၄  နိုဝင်ဘာ

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ၊ မဲရုံတာဝန်ကျဝန်ထမ်းများ၊ Volunteer များအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများလက်ခံ၊ ဖြန့်ဖြူးရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၁)နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများလက်ခံ၊ ဖြန့်ဖြူးရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဦးမောင်မောင်ဝင်း၊ ဦးကျော်မျိုး၊ ဦးမြင့်ကြိုင်၊ ဦးစိုးအောင်နှင့် အမြဲတမ်းအတွင်းဝန်များ၊ နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ ဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများလက်ခံ၊ ဖြန့်ဖြူးရေးနှင့် ပတ်သက်သည့် တိုင်းဒေသကြီး / ပြည်နယ်အသီးသီးမှ တာဝန်ခံဝန်ကြီးများသည် Virtual Meeting (Zoom) ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ ဗဟိုကော်မတီအနေဖြင့် လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ‌ပေးကြမည့် မဲဆန္ဒရှင် ပြည်သူများ၊ မဲရုံတာဝန်ကျဝန်ထမ်းများ၊ Volunteer များ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအပြည့်အဝ ရရှိစေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ မဲပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းကာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးသို့ အချိန်မီ ဖြန့်ဝေလျက်ရှိပါကြောင်း၊ ယင်းကာကွယ်ရေးပစ္စည်းများသည် မြန်မာနိုင်ငံသို့ရောက်ရှိလာရာ ရန်ကုန်နှင့် မန္တလေး လေဆိပ်တို့တွင် စနစ်တကျလက်ခံရယူ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ ဆက်လက်ဖြန့်ဝေ ပေးလျက်ရှိပါကြောင်း၊ ယင်းပစ္စည်းများအား နေ့စဉ်ရောက်ရှိမှုအခြေအနေအရ ဦးစားပေးနယ်မြေအလိုက် စနစ်တကျပေးပို့လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များကို အဓိကဦးစားပေးအနေဖြင့် ဖြန့်ဝေပေးပို့လျက်ရှိပါကြောင်း။

တရုတ်နိုင်ငံမှ ပေးပို့သောပစ္စည်းများသည် ရန်ကုန်လေဆိပ်သို့ အောက်တိုဘာ (၁၇)ရက်တွင် လည်းကောင်း၊ မန္တလေးလေဆိပ်သို့ အောက်တိုဘာ (၂၄)ရက်တွင်လည်းကောင်း စတင်ရောက်ရှိခဲ့ရာ နိုဝင်ဘာ(၂) ရက်အထိ ရန်ကုန် လေဆိပ်သို့ လေယာဉ်ခေါက်ရေ (၇၄) ခေါက်၊ မန္တလေးလေဆိပ်သို့ (၄၀) ခေါက်၊ စုစုပေါင်း လေယာဉ်ခေါက်ရေ (၁၁၄) ခေါက် ရောက်ရှိပြီးဖြစ်ပါကြောင်း၊ ယခုအခါ မှာယူထားသည့် ပစ္စည်းများသည် အားလုံးနီးပါး ရောက်ရှိနေပြီဖြစ်ပြီး အရေအတွက်အနည်းငယ်သာ ရောက်ရှိရန်ကျန်ရှိသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကာကွယ်ရေးပစ္စည်းများကို တရုတ်နိုင်ငံဘက်မှ အလုပ်ပိတ်ရက် ကန့်သတ်ချက်များရှိသည့်ကြားမှ မှာယူရသည့်အပြင် နိုင်ငံတကာ လေကြောင်းလိုင်းများ အကန့်အသတ်ဖြင့် ပြေးဆွဲနေသည့်ကြားမှ အချိန်လုပြီးဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ အချိန်တိုအတွင်း လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ယခင်အစည်းအဝေးတွင် ပြောကြားခဲ့သည့်အတိုင်း ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများအား သက်ဆိုင်ရာမဲရုံများသို့ဖြန့်ဝေပေးပြီးပါက ပိုလျှံသောပစ္စည်းများကို စာရင်းဇယား များဖြင့် စနစ်တကျပြန်လည်အပ်နှံရေး၊ ပစ္စည်းများသယ်ယူပို့ဆောင်ဖြန့်ဖြူးရာတွင် သုံးစွဲကုန်ကျခဲ့သည့် ကုန်ကျစရိတ်များအား လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ စနစ်တကျ ပြန်လည်တင်ပြတောင်းခံရေး အလေးထားဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ယခုအစည်းအဝေးတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လက်ခံရရှိမှု၊ သက်ဆိုင်ရာမဲရုံများသို့ ဆက်လက်ဖြန့်ဖြူးမှု၊ ယင်းလုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ မိမိတို့ ဗဟိုကော်မတီက ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ Virtual Meeting (Zoom) ဖြင့် တက်‌ရောက်ကြသည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ တာဝန်ခံဝန်ကြီးများက ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများအား ရန်ကုန်နှင့် မန္တလေးလေဆိပ်များတွင် လက်ခံရရှိမှုနှင့် သယ်ယူမှုအခြေအနေ၊ သက်ဆိုင်ရာမဲရုံအသီးသီးသို့ ဆက်လက်ဖြန့်ဖြူးဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းဆိုင်ရာအခက်အခဲများ၊ လက်ကျန်ပစ္စည်းများအား ပြန်လည်အပ်နှံ နိုင်ရေးနှင့် ကုန်ကျစရိတ်များ တွက်ချက်ထားရှိမှုအခြေအနေ၊ ရွေးကောက်ပွဲမကျင်းပမီ သက်ဆိုင်ရာမဲရုံများသို့ အချိန်မီရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ယခုတင်ပြချက်များအရ အရေးကြီးသည့် ကာကွယ်ရေး ပစ္စည်းများသည် သက်ဆိုင်ရာဒေသများသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို သိရှိရပါကြောင်း၊ ရောက်ရှိသည့်ပစ္စည်း များအား သတ်မှတ်ချိန်တွင် ထိရောက်လုံခြုံစွာစနစ်တကျ အသုံးပြုဆောင်ရွက်ကြရေးအတွက် တာဝန်ရှိသူများက အလေးထားကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်းနှင့် ယခုလုပ်ငန်းစဉ်အား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ ရည်မှန်းချက်ပေါက်မြောက်အောင်မြင်ရေးအတွက် အားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး တိုက်တွန်းပါကြောင်း ပြောကြားသည်။

နိုဝင်ဘာ (၈) ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ ၊ မဲရုံတာဝန်ကျဝန်ထမ်းများ ၊ Volunteer များအတွက် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် KN 95 Mask (၃၅) သန်းအနက် (၃၄) သန်းကျော် ၊ Examination Gloves PVC (Vinyl) (၁၀) သန်းအနက် (၂) သန်းကျော်၊ Face Shield (၉) သန်းအနက် (၈) သန်းခန့် ၊ Surgical Gowns (၂)သန်း (၅) သိန်း အနက် (၈) သိန်းခန့် ၊ Surgical Cap (၂) သန်း အနက် (၄) သိန်းကျော် ၊ Protective Face Mask (၅) သိန်း၊ PPE (Coverall) (၅) သိန်း အနက် (၄) သိန်း (၅) သောင်းကျော်၊ Goggles (၅) သိန်းအနက် (၄) သိန်း၊ Surgical Gloves (၅) သိန်း ၊ Boots (၅) သိန်း အနက် (၃) သိန်းကျော်၊ Boots Cover (၅) သိန်း အနက် (၁) သိန်းကျော် တို့သည် နိုဝင်ဘာ (၂) ရက်အထိ လေယာဉ်ခေါက်ရေ (၁၁၄) ခေါက်ဖြင့် ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖြန့်ဝေခဲ့ကြောင်းနှင့် ကျန်ရှိသော ကာကွယ်ရေးပစ္စည်းများ သည် နိုဝင်ဘာ (၅)ရက်အထိ သက်ဆိုင်ရာလေဆိပ်များသို့ ရောက်ရှိလာမည်ဖြစ်ပြီး သက်ဆိုင်ရာမဲရုံများသို့ ရွေးကောက်ပွဲမကျင်းပမီ အချိန်မီရောက်ရှိနိုင်ရေး ပေးပို့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်