နေပြည်တော် ၄ နိုဝင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့တွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ဇေယျာသီရိမြို့နယ်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန နေပြည်တော်ပုံနှိပ် စက်ရုံနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း သတင်းစာတိုက်တို့တွင် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဉီးအောင်လှထွန်းနှင့် တာဝန်ရှိသူများသည် နံနက် ၁၀ နာရီတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Conference Room သို့ ရောက်ရှိရာ မြန်မာအသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအစီအစဉ်များ၊ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များ၊ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အစီအစဉ်များ၊ မြန်မာအသံနှင့် ရုပ်မြင်သံကြား စိန်ရတုသဘင်အတွက် ဆောင်ရွက်မည့်အစီအစဉ်များ၊ ဝန်ကြီးဌာနများ၏ ပြည်သူ့အကျိုးပြု မှတ်တိုင်များ အစီအစဉ်ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လုပ်ငန်းများ ပိုမိုတိုးတက်ကောင်း မွန်ရေးအတွက် အကြံပြုဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ News Studio (1) နှင့် (2) တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ပုံနှိပ်စက်ရုံသို့ ရောက်ရှိရာ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ယင်းနောက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဘိုးဝဇီရခန်းမသို့ရောက်ရှိရာ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေက နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွထွေ ရွေးကောက်ပွဲရလဒ်များကို ထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ ရန်ကုန်တက္ကသိုလ်ရာပြည့်အကြို ခေါင်းကြီး၊ ဆောင်းပါး၊ အင်တာဗျူးများ ဖော်ပြနေမှုနှင့် ၂၀၁၆-၂၀၂၀ အထိ ပြည်သူ့အကျိုးပြုမှတ်တိုင်များ ဖော်ပြနေမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လိုအပ်သည်များကို ဆွေးနွေးမှာကြားပြီး ဒုတိယဝန်ကြီး ဉီးအောင်လှထွန်းက လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် အကြံပြုဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဌာနများသို့ ရောက်ရှိစဉ် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကာလအတွင်းဖြစ်၍ မိမိတို့၏ သတင်းထုတ်ပြန်ရေးကိစ္စများနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ် - ၁၉ နှင့် ပတ်သက်သည့် စည်းမျည်းစည်းကမ်းများ၊ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အလေးထား လိုက်နာဆောင်ရွက်သွားရေး ၊ ရုပ်ရှင်ရာပြည့်နှင့် ပတ်သက်၍ ထုတ်လွှင့်ဖော်ပြခဲ့မှု၊ လတ်တလောတွင် ရန်ကုန် တက္ကသိုလ်ရာပြည့်နှင့် ပတ်သက်၍ ထုတ်လွှင့်ဖော်ပြနေမှုများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် များ၏ ပြည်သူ့အကျိုးပြုမှတ်တိုင်များ ဖော်ပြနေမှုများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ စိန်ရတုအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပိုမိုပြည့်စုံကောင်းမွန်အောင် စီစဉ်ဆောင်ရွက်သွားရေး၊ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် အမှားအယွင်းကင်းစင်ရေး၊ ဒစ်ဂျစ်တယ်မီဒီယာ အသွင်ကူးပြောင်းမှု၊ နည်းပညာပြောင်းလဲမှုတို့နှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေး မှာကြားခဲ့သည်။
သတင်းစဉ်


