ရန်ကုန်  ၄  နိုဝင်ဘာ

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင် လမ်းမကြီးတို့သို့ ဆက်သွယ်တည်ဆောက်လျက်ရှိသော မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)မြစ်ကူးတံတား တည်ဆောက်ရေး လုပ်ငန်းများကို ကိုဗစ်-၁၉ ကာလအတွင်း တစ်လနီးပါးခန့် ယာယီရပ်နားထားခဲ့ရာ ယခုအခါ လုပ်ငန်းများပြန်လည် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

a1

ထိုသို့ဆောင်ရွက်ရာတွင် ချဉ်းကပ်တံတားများ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများကို အောက်တိုဘာ ၂၆ ရက်တွင် စတင်ခြင်းနှင့်  ပင်မတံတား ရေလယ်တိုင် ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများကို ယနေ့တွင် ပြန်လည်စတင် ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ လုပ်ငန်းညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလအတွင်း ဒလမြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းများကို စက်တင်ဘာ ၂၁ ရက်မှစတင်၍ အောက်တိုဘာ ၂၅ ရက်နေ့အထိ ယာယီရပ်နားထားခဲ့ရာမှ ယခုအခါ တံတားတည်ဆောက်ရေး လုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရာတွင် ရန်ကုန်မြစ်အတွင်း ပင်မတံတားရေလယ်တိုင် ဘိုးပိုင်တူးဖော်ခြင်း လုပ်ငန်းအနေဖြင့် PY1၊ PY2 တို့၏ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒလဘက်ခြမ်းရှိ PY1 အတွက် ဘိုးပိုင် ၂၃ လုံးအနက် ဘိုးပိုင် ၁၃ လုံး၊  ရန်ကုန်ဘက်ခြမ်းရှိ PY2 အတွက် ဘိုးပိုင် ၂၃ လုံးအနက် ဘိုးပိုင် ၁၃ လုံး စုစုပေါင်း ဘိုးပိုင် ၂၆ လုံးမှာ ဆောင်ရွက်ပြီးစီးလျက်ရှိသည်။  

ထို့အတူ ဒလဘက်ခြမ်း ချဉ်းကပ်တံတားအတွက် ဘိုးပိုင်ပေါင်း ၁၄၁ အနက်  ဘိုးပိုင် ၁၂၅ လုံး ဆောင်ရွက်ပြီးစီးခြင်း၊ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားအတွက် ဘိုးပိုင်ပေါင်း ၈၂ လုံးအနက် ဘိုးပိုင် ၅၀ လုံး ဆောင်ရွက်ပြီးစီးခြင်း၊ ရန်ကုန်ဘက်ခြမ်း ဆင်ခြေလျောတံတား Ram A ဘိုးပိုင် ၄၈ လုံး အနက် ၄ လုံးနှင့် Ram B ဘိုးပိုင် ၅၂ လုံး အနက် ၄ လုံး ဆောင်ရွက်ပြီးစီးလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ချဉ်းကပ်တံတားအတွက် ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေသော ရန်ကုန်ဘက်ခြမ်း၌  Pile Cap ပိုင်ထိပ်အုတ်ခြင်း ၈   တိုင်နှင့်   ဒလဘက်ခြမ်း၌ Pile Cap ပိုင်ထိပ်အုတ်ခြင်း ၈ တိုင် ပြီးစီးကြောင်း သိရသည်။ 

ဒလမြစ်ကူးတံတားမှာ စုစုပေါင်းအရှည် ၆၁၂၈ ပေ ၊  ပင်မတံတားအရှည် ၂၂၆၄ ပေ၊ ချဉ်းကပ်တံတား အရှည်(ရန်ကုန်) ၁၈၉၁ ပေ၊ ချဉ်းကပ်တံတားအရှည် (ဒလ) ၁၉၇၂ ပေ၊ ချဉ်းကပ်တံတားအကျယ် (ရန်ကုန်) (နှစ်လမ်းသွား) ၄၇ ပေ၊ ချဉ်းကပ်တံတား အကျယ်(ဒလ) (လေးလမ်းသွား) ၆၈ ပေ၊ ပင်မတံတားအကျယ် (လေးလမ်းသွား) ၈၇ ပေ၊ ဆင်ခြေလျှောတံတားများ အကျယ်(တစ်လမ်းသွား) ၂၃ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၁၆၀ ပေ၊ ရေလမ်းကင်းလွတ် အကျယ် ၉၈၈ ပေ၊ တံတားခံနိုင်ဝန်ယာဉ်တစ်စီးချင်း (၇၅)တန်၊ ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ် ကိုယ်ထည် အပေါ်တွင် သံမဏိကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ကြောင်း သိရသည်။


အဆိုပါ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)မြစ်ကူးတံတားကြီး တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်တောင်ပိုင်း ခရိုင်အတွင်းရှိ ဒလ၊ ဆိပ်ကြီးခနောင်တို၊  တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိ ဒေသခံပြည်သူများအပြင် နယ်မြေတစ်ဆက်တည်းဖြစ်သော ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများပါ ကားလမ်းခရီးဖြင့် ရန်ကုန်မြို့သို့ အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မည်ဖြစ်၍ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ကာ ကုန်စည်စီးဆင်းမှုများ မြန်ဆန်လာပြီး ပြည်သူများစွာတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)