ဂန့်ဂေါ  ၅  နိုဝင်ဘာ

ယခုနှစ် အောက်တိုဘာ လကုန်ပိုင်းနှင့် နိုဝင်ဘာ ၃ ရက်နေ့ ညပိုင်းတို့တွင် ဂန့်ဂေါမြို့နယ်၌ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းသော မိုးရေကြောင့် ဂန့်ဂေါမြို့နယ်အတွင်း မြစ်ချောင်းများ ရေလျှံသဖြင့် ဆောင်းသီးနှံစိုက်ခင်းအချို့ ရေဝင်နစ်မြုပ်မှုရှိခဲ့ကြောင်း သိရသည်။

 

ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ်နှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဇာနည်အောင်တို့သည် နိုဝင်ဘာ ၄ ရက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တောင်သူကိုယ်စားလှယ်များနှင့်အတူ တောင်ယာပြင်ကျေးရွာ၊ ဘော်ပြင်းကျေးရွာနှင့် ကန်ကျေးရွာတို့ရှိ မြစ်သာမြစ်ရေ ဝင်ရောက်သည့် ဆောင်းသီးနှံ စိုက်ခင်းများသို့ ကွင်းဆင်း စစ်ဆေးပြီး မြစ်ရေဝင်ရောက်သည့် သီးနှံများ ပြုပြင်ထိန်းသိမ်းရန် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများနှင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းပညာများကို တောင်သူများအားနှင့် တွေ့ဆုံ၍ ပညာပေးဆွေးနွေးခဲ့ကြသည်။

 

မြစ်သာမြစ်နှင့် လောင်ထောင်ချောင်း၊ ကွမ်းဇဲချောင်းတို့ ရေလျှံသဖြင့် မြစ်ချောင်းကမ်းပါးရှိ ဆောင်းသီးနှံ ထောပတ်ပဲနှင့် မြေပဲသီးနှံစိုက်ခင်းများ ရေဝင်နစ်မြုပ်မှုရှိခဲ့ပြီး သီးနှံထိခိုက်မှု အခြေအနေများအား သိရှိနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက အဖွဲ့များခွဲ၍ မြို့နယ်အတွင်း စိုက်ခင်းများသို့ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ကွင်းဆင်း စစ်ဆေးကြခြင်းဖြစ်ကြောင်း သိရသည်။

ကျော်သန်းဆွေ

 

YAYSHAN 3.jpe