မကွေး    ၅  နိုဝင်ဘာ    

မကွေးတိုင်းဒေသကြီး မကွေးမြို့ အောင်မေတ္တာ (ဃ)ရပ်ကွက် ကျူးကျော်ရပ် (၈)လမ်းနေ (ပိုင်ရှင်) ဒေါ်သန်းသန်းဆွေ၏ (၁၂×၁၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါကြမ်းခင်း(၁)ထပ် နေအိမ်တွင် နိုဝင်ဘာ ၅ ရက် ၀ဝး၀၅ နာရီ အချိန်ခန့်က ဖရောင်းတိုင်ဖြင့် ဘုရားပူဇော်ထားရာမှ ဖရောင်းတိုင်လဲကျပြီး အကာသို့ကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းမှု သတင်းအရ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန် ဦးစီးကာ မီးသတ်တပ်ဖွဲ့ဝင် သန္ဓေ(၂၆)ဦး၊ ရပ်ကွက်အရန် (၁၀)ဦး၊ မီးငြိှမ်းသတ်ယာဉ်(၅)စီး၊ မီးသတ်ရေသယ်ယာဉ် (၂)စီး၊အုပ်ချုပ်မှုယာဉ်(၁)စီး စုစုပေါင်းယာဉ်(၈)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၀၀: ၁၅ နာရီ အချိန် တွင် မီးလုံးဝငြိှမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုကြောင့် နေအိမ်(၁)လုံး မီးလောင်ခံရပြီး လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာ သေဆုံးခြင်း မရှိကြောင်းနှင့် နေအိမ်(ပိုင်ရှင်)ဒေါ်သန်း သန်းဆွေအား မကွေးမြို့နယ် အမှတ်(၂)နယ်မြေ ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)