ရေတာရှည်   ၅  နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ရောက်ရှိခဲ့ပြီး နိုဝင်ဘာ ၈ ရက်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပပြုလုပ်နိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

 

တိုင်းဒေသကြီးဝန်ကြီးချုပ်က မဲဆန္ဒရှင်များက မည်သည့်ပါတီကို မဲပေးသည်ဖြစ်စေ နည်းစနစ် မှန်ကန်စွာ မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရဖြစ်ကြောင်း၊ မှားယွင်းမှုများကြောင့် ပယ်မဲဖြစ်ခဲ့ပါက မဲဆန္ဒရှင်နှင့် မိမိပေးလိုသော ကိုယ်စားလှယ်အတွက်ပါ နစ်နာနိုင်ကြောင်း ရွေးကောက်ပွဲကျင်းပသည့် နေ့တွင် ကိုဗစ်ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်ညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရေးကို ပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ထွန်းက မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့် အဖွဲ့ဝင်များအာ ကိုဗစ်ရောဂါကာကွယ်ရေးအတွက် အသုံးအဆောင်ပစ္စည်းများရရှိမှုနှင့် ထုတ်ပေးမည့် ကိစ္စရပ်များကိုလည်းကောင်း၊ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြသူများ၊ ပါတီကိုယ်စားလှယ်များ၊ မဲပေးသူများ လာရောက်လေ့လာကြသူများအား ဥပဒေချိုးဖောက်မှု မရှိစေရေးနှင့် တစ်ဦးနှင့်တစ်ဦး အထင်အမြင် လွဲမှားနိုင်သည့် ကိစ္စရပ်များကို ရှောင်ရှားနိုင်ရန် အစီအမံများကို လည်းကောင်း၊ ဝေးလံသော တောင်ပေါ်ဒေသများရှိ မဲရုံများတွင် မီးရရှိအောင် ဆောင်ရွက်ထားမှုများကို ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမပြုပြင် တည်ဆောက်နေမှုကို ကြည့်ရှုခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင် က အဆောက်အအုံပြုပြင်ရေး လုပ်ငန်းနှင့် ရုံးဆိုင်းဘုတ် ပြန်လည်ဆောင်ရွက်နေသည့် လုပ်ငန်းရပ်များကို ရှင်းလင်းတင်ပြသည်။

ကိုလွင်(ဆွာ)