မုံရွာ ၅ နိုဝင်ဘာ
ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် နွေရာသီမြစ်ရေနည်းပါးချိန်တွင် ရေယာဉ်များဖြတ်သန်းသွားလာမှု အဆင်ပြေစေရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေမှ ကျပ်သန်း (၈၅၀) အကုန်အကျခံပြီး ရေလမ်းကောင်းမွန်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထက်ဇော်ဦး၏ ပြောကြားချက်အရ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ချင်းတွင်းမြစ်ရေ နည်းပါးချိန်တွင် မြစ်ကြောင်းတစ်လျှောက် ရေလမ်း ကောင်းမွန်ရေးလုပ်ငန်းများကို နှစ်စဉ်မြစ်ရေနည်းပါးချိန်များတွင် ရေကြောင်းကြပ်တည်းမှုအများဆုံး ဖြစ်လေ့ရှိသော ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ ခရိုင်(၃)ခုအတွင်းမှာရှိတဲ့ နေရာ(၅)ခုတွင် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“နှစ်စဉ်မြစ်ရေနည်းပါးချိန်မှာ ရေယာဉ်တွေ ရေကြောင်းကြပ်တည်းမှုမဖြစ်စေဖို့ ရေကြောင်းကြပ်တည်း မှုအများဆုံးဖြစ်နေတဲ့နေရာ (၅)နေရာကို ရေလမ်းကောင်းမွန်ရေး လုပ်ဆောင်ပေးမှာဖြစ်ပါတယ်၊ လုပ်ငန်းအားလုံးကို တင်ဒါစနစ်နဲ့ခေါ်ယူ လုပ်ဆောင်မှာဖြစ်တယ်။ တင်ဒါခေါ်ယူဖို့အတွက် နိုင်ငံပိုင် သတင်းစာကနေ ကြော်ငြာပေးထားပြီဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဇော်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဓိကဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ရေလမ်းကောင်းမွန်ရေး လုပ်ငန်းများကို မုံရွာခရိုင်အတွင်း (၂)နေရာ၊ မော်လိုက်ခရိုင် အတွင်း (၂)နေရာနှင့် ခန္တီးခရိုင်အတွင်း (၁)နေရာကို ယခုဘဏ္ဍာရေးနှစ်အတွင်း မြစ်ရေနည်းချိန်တွင် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


