နေပြည်တော် ၅ နိုဝင်ဘာ
ပထမအကြိမ် အာဆီယံဆိုက်ဘာလုံခြုံရေး ပူးပေါင်းကော်မတီအစည်းအဝေး (1st ASEAN Cybersecurity Coordinating Committee Meeting– 1st ASEAN Cyber-CC Meeting)အား ယနေ့မွန်းလွဲပိုင်းက လာအိုနိုင်ငံ၊ စာတိုက်နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ခံ၍ အွန်လိုင်းဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ ကိုယ်စားလှယ်များနှင့်အဖွဲ့ဝင်များ၊ သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနတို့မှ ကဏ္ဍအလိုက်တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ နှင့် မြန်မာနိုင်ငံ-အာဆီယံပြန်ကြားရေး အဆင့်မြင့်အရာရှိကြီးများအဆင့် (SOMRI-Myanmar)ကိုယ်စား ပြန်ကြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အာဆီယံဆိုက်ဘာလုံခြုံရေး ပူးပေါင်းကော်မတီ၏ မူဘောင်သဘောတူညီချက် (ASEAN Cybersecurity Coordinating Committee Terms of Reference-TOR) (မူကြမ်း)ကို သက်ဆိုင်ရာ Working Group အဖွဲ့ဝင်များက ဆွေးနွေးအတည်ပြုခြင်း၊ ဆိုက်ဘာလုံခြုံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်းပြီး နိုင်ငံအလိုက် အကောင်အထည်ဖော်မှု အခြေအနေများအား အာဆီယံနိုင်ငံအသီးသီးက ရှင်းလင်းတင်ပြခြင်း၊ အာဆီယံဆိုက်ဘာ လုံခြုံရေးပူးပေါင်းကော်မတီ၏ လုပ်ငန်းစီမံချက်အား ရှင်းလင်းတင်ပြခြင်း၊ Cyberspace နှင့်စပ်လျဉ်းပြီး နိုင်ငံအလိုက် သတ်မှတ်ကျင့်သုံးနေသည့် စံချိန်စံညွှန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းစီမံချက် အပေါ် တက်ရောက်လာကြသူများက အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
၂၀၁၈ ခုနှစ်က စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များက ဆိုက်ဘာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ကြေညာချက် (ASEAN Leaders’ Statement on Cybersecurity Cooperation) အား အတည်ပြုခဲ့ကြပြီး အဆိုပါ ကြေညာချက်နှင့်အညီ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် (၄)ကြိမ်မြောက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အာဆီယံ ဝန်ကြီးများညီလာခံတွင် ASEAN Cross-Sectoral Cybersecurity Coordinating Committee ကို သက်ဆိုင်ရာ ကဏ္ဍများ ပေါင်းစပ်ပါဝင်၍ တည်ထောင်နိုင်ရေး သဘောတူညီခဲ့ကြောင်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးက ASEAN Cybersecurity Action Council (ASEAN Cyber-CC)ကို တည်ထောင်ရန် သဘောတူညီခဲ့ကြောင်း ဆက်လက်၍ အာဆီယံဆိုက်ဘာ လုံခြုံရေးပူးပေါင်း ကော်မတီ၏ မူဘောင်သဘောတူညီချက် (ASEAN Cybersecurity Coordinating Committee Terms of Reference-TOR) (မူကြမ်း)ကို ASEAN Network Security Action Council မှ ဦးဆောင်ရေးဆွဲခဲ့ပြီး ယခု အစည်းအဝေးကို အဆိုပါ မူဘောင်သဘောတူညီချက်(မူကြမ်း)နှင့်အညီ အာဆီယံဆိုက်ဘာလုံခြုံရေး ပူးပေါင်း ကော်မတီ၏ ပုံမှန်အစည်းအဝေးများအား နှစ်စဉ်ကျင်းပပြုလုပ်သွားရန်ရှိကြောင်း သိရသည်။
#နေပြည်တော်သတင်းဌာန
#MRTV


