၆ နိုဝင်ဘာ
မန်ယူအသင်းက ကွင်းလယ်လူ ပေါ့ဘာကို ပေါင် ၅၃ သန်း ပေးချေမယ့် အသင်းရှိပါက လာမယ့်နွေဈေးကွက်အတွင်း ထုတ်ရောင်းမှာဖြစ်ကြောင်း အေအက်စ်သတင်းဌာနက ဖော်ပြသည်။
မန်ယူအသင်းအနေဖြင့် ယခုရာသီ ပေါ့ဘာရဲ့ခြေစွမ်းအပေါ် စိတ်ပျက်နေပြီး ပေါ့ဘာကို ဂျူဗင်တပ်မှ ခေါ်ယူစဉ်က ပေးချေခဲ့ရသည့် ထိုအချိန်က စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ အောက် များစွာလျော့နည်းတဲ့ ငွေပမာဏဖြင့် ထုတ်ရောင်းလိုနေခြင်း ဖြစ်သည်။ ပေါ့ဘာကို ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်းဘက်မှ ချိတ်ဆက်မှု ပြုခဲ့ဖူးပြီး နည်းပြ ဇီဒန်း၏ အကြိုက်ဆုံး ကွင်းလယ်ကစားသမားတွင် ပေါ့ဘာ ပါဝင်ကြောင်း သိရသည်။ ဇီဒန်းက ရီးယဲလ်အသင်းဘုတ်အဖွဲ့ဝင်များအား အသင်းအတွက် ဟာဇက်၊ ပေါ့ဘာနှင့် ဘာပေတို့ကို ခေါ်ယူရန် တောင်းဆိုခဲ့ပြီး ဟာဇက်တစ်ဦးကိုသာ ၂၀၁၉ နွေဈေးကွက်အတွင်း ခေါ်ယူနိုင်ခဲ့သည်။
ပေါ့ဘာနှင့် ဘာပေနှစ်ဦးစလုံးတို့သည် လက်ရှိ မန်ယူ၊ ပီအက်စ်ဂျီ ကလပ်အသင်းများနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး မန်ယူက ပေါ့ဘာကို စာချုပ်သက်တမ်း ထပ်တိုးရန် ကမ်းလှမ်းခြင်းမရှိခဲ့သလို ပေါင် သန်း ၅၀ လောက် ရရှိရုံဖြင့် ထုတ်ရောင်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ဘာပေကမူ ပီအက်စ်ဂျီ၏ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့သော ကြောင့် ရီးယဲလ်သို့ ပြောင်းရွှေ့ရန် ခြေလှမ်းပြင်ဆင်နေပြီဟု ပြင်သစ်မီဒီယာများက ဖော်ပြသည်။
မေလဲ့သင်း