မိုင်းယောင်း  ၆  နိုဝင်ဘာ 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်မှ မဲရုံများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲများ ပေးနိုင်ရေးအတွက် အဆင်သင့်ပြင်ဆင်ထားရှိပြီးပြီဖြစ်ကြောင်း သိရသည်။

 

မိုင်းယောင်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲ့မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့်ဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များသည် မြို့နယ်အတွင်း မဲရုံပြင်ဆင်ဆောင်ရွက်နေမှုများကို နိုဝင်ဘာ ၅ ရက်နေ့က ကွင်းဆင်းကြည့်ရှုကြရာ မဲရုံများ အဆင်သင့်ပြင်ဆင်ထားရှိ၍ ဆန္ဒမဲလာရောက်ပေးမည့် ပြည်သူများ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး မဲရုံအတွင်းအပြင် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မဲရုံအတွင်း ဆန္ဒပြုခန်းနှင့် သက်ဆိုင်ရာ လွှတ်တော်မဲပုံးများ စနစ်တကျ ခင်းကျင်းထားရှိမှု အခြေအနေ များကို လိုက်လံကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။

 

မိုင်းယောင်းမြို့နယ်အတွင်း သက်ဆိုင်ရာ လွှတ်တော်နေရာအသီးသီး၌ ကိုယ်စားလှယ်လောင်း (၂၃) ဦးတို့က နိုင်ငံရေးပါတီအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၆၈ ရုံဖြင့် ကျင်းပသွားမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူပေါင်း ၂၇၁၉၁ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အားချာ(ပြန်/ဆက်)