ဆိပ်ဖြူ ၆ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်း ကျေးရွာငါးရွာ၌ ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၀၇ ဒသမ ၃ သန်းဖြင့် သောက်သုံးရေ ရရှိရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဝဲမကျေးရွာ၌ အနက်ပေ ၅၀၀ ရှိ ၄ လက်မ စက်ရေတွင်းတူးဖော်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ထိန်ကန်ကျေးရွာ၌ ဂါလန် ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းနှင့် ပါဝါမီတာထားရှိရန် အခန်းဖွဲ့ခြင်း၊ ခရေချောင်းတဲတိုက်နှင့် ညောင်ပင်လယ်ပွဲ တဲတိုက်တို့၌ အနက်ပေ ၉၀၀ ရှိ ၄ လက်မ စက်ရေတွင်း တူးဖော်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း၊ သပိတ်သဘင် တဲတိုက်၌ အနက်ပေ ၆၀၀ ရှိ ၄ လက်မ စက်ရေတွင်းတူးဖော်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ၎င်းကျေးရွာ ငါးရွာအနက် GP Survey တိုင်းတာရန် လိုအပ်သော ကျေးရွာများအား GP Survey တိုင်းတာထားရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ကျေးရွာ ငါးရွာရှိ အိမ်ခြေ ၄၆၂ အိမ်၊ လူဦးရေ ၂၂၇၅ ဦး တို့အတွက် ရာသီမရွေး သောက်သုံးရေဖူလုံစွာ အသုံးပြုနိုင်တော့မည့်အပြင် ကျွဲ၊ နွား တိရစ္ဆာန်များပါ အကျိုးပြုမည်ဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်က ပြောသည်။
ဟေမာမြင့်(ကျေးလက်)


