ရွှေဘို ၆ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာတွင် မြစိမ်းရောင်အတိုးရငွေဖြင့် ကျေးရွာ မီးလင်းရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးဖြစ်ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ သစ်ချိုပင်ကျေးရွာ၊ ချောင်းဆုံကျေးရွာ၊ ကံကြီးတောကျေးရွာနှင့် ငပိအိုးကျေးရွာတို့သည် မြစိမ်းရောင်စီမံကိန်းကျေးရွာအဖြစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ၏ ရည်ရွယ်ချက်ဖြစ်သော တိုးပွားလာသော အတိုးရငွေများဖြင့် ကျေးရွာ၏ လိုအပ်ချက်များနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာနေပြည်သူများမှ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ရန်ဆိုသည့်အတိုင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် သစ်ချိုပင်ကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေ(၅၀)ရာခိုင်နှုန်းထဲမှ ကျပ်(၁၁၁) သန်း၊ ပြည်သူ ထည့်ဝင်ငွေ ကျပ် (၁၃၉) သန်း စုစုပေါင်း ကျပ်သန်း(၂၅၀)ဖြင့် ရွာတွင်းလျှပ်စစ်မီးသွယ်တန်းခြင်း ပေ(၅၀၀၀)ကိုလည်းကောင်း၊ ချောင်းဆုံကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေ(၅၀)ရာခိုင်နှုန်းထဲမှ ကျပ်သန်း(၁၃၀)၊ ပြည်သူထည့်ဝင်ငွေ(၄၀ ဒသမ ၅) သန်း စုစုပေါင်း ကျပ်(၁၇၀ ဒသမ ၅)သန်းဖြင့် ရွာတွင်းလျှပ်စစ်မီး သွယ်တန်းခြင်း ပေ(၄၂၀၀)ကို လည်ကောင်း၊ ကံကြီးတောကျေးရွာတွင် မြစိမ်းရောင် အတိုးရငွေ(၅၀)ရာခိုင်နှုန်းထဲမှ ကျပ်သန်း(၁၅၀)၊ ပြည်သူထည့်ဝင်ငွေ(၂၃၁ ဒသမ ၇၃၅) သန်း စုစုပေါင်း ကျပ်(၃၈၁ ဒသမ ၇၃၅)သန်းဖြင့် ရွာတွင်းလျှပ်စစ်မီးသွယ်တန်းခြင်း ပေ(၅၅၉၇)ကိုလည်းကောင်း၊ ငပိအိုးကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေ (၅၀)ရာခိုင်နှုန်းထဲမှ ကျပ်သန်း(၁၅၀)၊ ပြည်သူထည့်ဝင်ငွေ (၁၃၅ ဒသမ ၈၃၈၈) သန်း စုစုပေါင်း ကျပ်(၂၈၅ ဒသမ ၈၃၈၈)သန်းဖြင့် ရွာတွင်း လျှပ်စစ်မီး သွယ်တန်းခြင်း ပေ(၆၃၇၄) ကိုလည်းကောင်း ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးဖြစ်ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူက ပြောသည်။
ရွှေဘိုမြို့နယ်တွင် မြစီမ်းရောင်စီမံကိန်းလုပ်ငန်းများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ မြစိမ်းရောင်စီမံကိန်းကျေးရွာများအဖြစ် ၂၉ ယူနစ်၊ ရွာပေါင်း(၃၀)တွင် စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းထံမှ သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)


