ပေါင် ၆ နိုဝင်ဘာ
မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ မဲရုံတစ်ခုတွင် အသက်(၆၀)နှစ် အထက် ကြိုတင်ဆန္ဒမဲပေးရာ၌ UEC အမှတ်အသားပါရှိခြင်း မရှိသည့်တံဆိပ်တုံးနှင့် မဲပေးခဲ့သူ(၂၃)ဦးကို မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ မဲခွဲဆုံးဖြတ်ချက်အရ ဆန္ဒမဲအသစ်ပြန်လည်ပေးစေခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ပေါင်မြို့နယ် အင်းဗြောင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာရှိ မဲရုံအမှတ်(၁)တွင် အသက်(၆၀)နှစ်အထက် ကြိုတင်မဲပေးနေစဉ် နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း မဲဆန္ဒရှင် ၂၃ ဦးမြောက်ဆန္ဒမဲပေးသည့်အချိန်တွင် အဆိုပါမဲတံဆိပ်တုံးတစ်ခုတွင် UEC အမှတ်တံဆိပ်ပါရှိခြင်းမရှိဘဲ ဆန္ဒမဲပေးနေသည်ကို မဲရုံဝန်ထမ်းများက စိစစ်တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို တင်ပြခဲ့သည်။
ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ တံခွန်တိုင်ကျေးရွာရှိ မဲရုံအမှတ်(၁)ကို UEC အမှတ်အသားပါတံဆိပ်တုံး (၆)တုံးချပေးထားသော်လည်း UEC အမှတ်အသား ပါရှိခြင်းမရှိသည့် တံဆိပ်တုံးတစ်ခုပိုနေကြောင်း စိစစ်တွေ့ရှိခဲ့ရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ ဆွေးနွေးချက် ရလဒ်များအတိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြခဲ့ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ညွှန်ကြားချက်အတိုင်း မြို့နယ်စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ မဲခွဲဆုံးဖြတ်ချက်အရ နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဆန္ဒမဲအသစ်ပြန်လည်ပေးစေခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်သီရိဖြိုးက ပြောသည်။
“နိုဝင်ဘာ ၅ ရက် နံနက် ၉ နာရီမှာ စေ့စပ်ညှိနှိုင်းရေးအဖွဲ့(၂၄)ယောက်ကနေ အစည်းအဝေး လုပ်တယ်။(၂၃) ယောက်ကတော့ သူတို့မသိဘဲနဲ့ တံဆိပ်တုံးအမှားနဲ့ပေးလိုက်တဲ့အတွက်ကို သူတို့ရဲ့အခွင့်အရေးက ဆုံးရှုံးတယ်လေ၊ အဲဒါနဲ့ပဲ မဲပြန်ပေးခိုင်းလိုက်တယ်။ တံဆိပ်တုံးအတုနဲ့ ထုထားတဲ့ဟာတွေကို ကျတော့ ပယ်မဲလုပ် လိုက်တာပေါ့နော်၊ အဲလိုမျိုးဆုံးဖြတ်ချက်ချလိုက်တာ ၂၃ ယောက်က ထောက်ခံတယ်၊ ၁ ဦးက မထောက်ခံဘူး၊ အဲဒါနဲ့ မဲခွဲဆုံးဖြတ်ချပြီး လိုက်တော့ မဲခွဲတာနိုင်သွားတယ်၊ ချက်ချင်းပဲ အင်ဗြောင်းရွာကို ချက်ချင်းဆင်းပြီးတော့ မဲပြန်ပေးခိုင်းလိုက်တယ်၊ ၂၃ ယောက်လုံးပေးလို့ပြီးသွားတယ်။” ဟု ၎င်းက ပြောသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်များအနေဖြင့် ကြိုတင်မဲများကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့အထိ ဆန္ဒမဲပေးကြရမည်ဖြစ်သည်။
လာမည့်ရွေးကောက်ပွဲတွင် ပေါင်မြို့နယ်အတွင်း အသက်(၆၀)နှစ်ထက် ကြိုတင်မဲဆန္ဒရှင်ဦးရေ (၂၇၀၀၀)ဦး ကျော်အပါအဝင် ဆန္ဒမဲပေးခွင့်ရှိသူ နှစ်သိန်းကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ကိုဟိန်း(ပေါင်)


