ပင်လည်ဘူး  ၆   နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  CERP အစီအစဉ်ဖြင့် စိုက်ပျိုး ဆောင်ရွက်ထားသော မိုးစပါးဆင်းဧကရီ-၃ (RS-CS) မျိုးစေ့ထုတ်စိုက်ကွက်များ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။ 

 

ပင်လည်ဘူးမြို့နယ်တွင် CERP အစီအစဉ်ဖြင့်  စပါးမျိုးစေ့ထုတ်စိုက်ခင်း ဧက ၃၅၀ စိုက်ပျိုးထားရှိရာ ယခုအခါ စပါးများ ရင့်မှည့်ချိန် ရိတ်သိမ်းချိန်ဖြစ်သည့်အတွက် တောင်သူများအား စပါးရိတ်သိမ်းရာတွင် အလေအလွင့်များ မရှိစေရေး၊ မျိုးရောမှုမရှိစေရေးနှင့် အထွက်နှုန်းကောင်းစေရေးအတွက်  မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကျေးရွာများရှိ မျိုးစေ့ထုတ်စိုက်ကွက်၊ စိုက်ခင်းများသို့ ကွင်းဆင်းပြီး  တောင်သူများနှင့်အတူ မျိုးကွဲ၊ ပေါင်းမြက်နှင့် ပိုးရောဂါ ကင်းစင်မှုရှိ/မရှိ၊ ကြံ့ခိုင်မှုနှင့် အထွက်နှုန်း ခန့်မှန်းခြင်းများအား ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသည့် မျိုးစေ့ထုတ်စိုက်ခင်းများ၏ စပါးအထွက်နှုန်းမှာလည်း   တစ်ဧကကို စပါးအစို တင်း (၁၀၀) ကျော် ထွက်ရှိရာ CERP အစီအစဉ်ဖြင့် စိုက်ပျိုးဆောင်ရွက်ထားသော မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးလွင်(ပင်လည်ဘူး)