မိတ္ထီလာ ၆ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်ဆန္ဒမဲပေးသူ ခြောက်သောင်းကျော် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိတ္ထီလာခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ မူဝါဒများကို ဆောင်ရွက်လျက်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲကာလ ကြိုတင်မဲပေးခြင်းလုပ်ငန်းကို အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်မဲပေးခြင်း လုပ်ငန်းများအား အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ကြိုတင်မဲပေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်များက မိတ္ထီလာခရိုင်အတွင်းရှိ မြို့နယ်များ၏ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံများသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးကြသလို ကျန်းမာရေး ကောင်းမွန်မှု မရှိသူများအား သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နိုင်ငံရေး ပါတီများ၏ စောင့်ကြည့် ကိုယ်စားလှယ်များနှင့်အတူ သွားရောက်၍ တစ်အိမ်တက်ဆင်း ကြိုတင်ဆန္ဒမဲ ကောက်ယူခဲ့သည်။ မိတ္ထီလာခရိုင်အတွင်း၌ ကြိုတင်ဆန္ဒမဲပေးရာတွင် အသက် ၆၀ နှစ်နှင့်အထက် သာမက Quatrine Center တွင် ရောက်ရှိသူများနှင့် နိုဝင်ဘာ ၈ ရက်တွင် တာဝန်ထမ်းဆောင်ကြမည့် သူများလည်း ကြိုတင်မဲပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ မိတ္ထီလာခရိုင်တွင် ကြိုတင်ဆန္ဒမဲပေးသူ ၆၁၉၇၂ ဦးရှိရာ မိတ္ထီလာမြို့နယ်တွင် ၂၁၄၉၉ ဦး၊ မလှိုင်မြို့နယ်တွင် ၁၀၆၆၄ ဦး၊ သာစည်မြို့နယ်တွင် ၁၉၈၂၈ ဦးနှင့် ဝမ်းတွင်းမြို့နယ်တွင် ၉၉၈၁ ဦးရှိကြောင်း သိရသည်။
မိတ္ထီလာခရိုင်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၇၃၂၂၄၂ ဦးရှိပြီး အဆိုပါ မဲဆန္ဒရှင်များတွင် မသန်စွမ်းမဲဆန္ဒရှင် ၂၂၇၅ ဦးနှင့် ရှမ်းတိုင်းရင်းသားမဲဆန္ဒရှင် ၁၆၄ ဦး ပါဝင်ကြောင်း သိရသည်။ ဆက်လက်၍ မိတ္ထီလာခရိုင်တွင် မဲရုံ ၁၀၆၈ ရုံရှိပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ (၇)ခုမှ ကိုယ်စားလှယ်လောင်း (၅၈) ဦးရှိကြောင်း မိတ္ထီလာခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးမင်းထိုက်က ပြောသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


