ရေဦး ၆ နိုဝင်ဘာ
သဖန်းဆိပ်ရေလှောင်တမံ ဆည်ရေသောက်စနစ် ဧရိယာတွင် ပါဝင်သော ကင်းတပ်လက်ယာတူးမြောင်း၊ ကင်းတပ်လက်ဝဲတူးမြောင်း၊ ကာဘိုးရေလွှဲဆည်၊ ရေဦးတူးမြောင်း၊ ရွှေဘိုတူးမြောင်း ဧရိယာများတွင် ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် မိုးစပါးလျာထားဧက လေးသိန်းနှစ်သောင်း လျာထားခဲ့ပြီး ဆည်ရေဖြင့် ဧက လေးသိန်းလေးသောင်းကျော် စိုက်ပျိုးခဲ့ရာ အောင်ရေရရှိသည်အထိ ဆည်ရေများပေးဝေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုနှစ် မိုးရာသီတွင် ရာသီဥတုဖောက်ပြန်မှုကြောင်း မိုးခေါင်ပြီး မိုးရွာသွန်းမှုနည်းပါသဖြင့် မူးမြစ်အနောက်ဘက်ခြမ်းရှိ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်များတွင် မိုးစပါးစိုက်ပျိုးထားသော လယ်မြေဧရိယာများ အောင်ရေပြည့်မီစွာရရှိရေးနှင့် မြောင်းဖျားပိုင်းအထိ စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက် ရေအလေအလွင့်မရှိအောင် အလှည့်ကျစနစ်ဖြင့် ရေးပေးသည့် အပြင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဦးဆောင်ပြီး ဒေသခံတောင်သူများ၊ WUG အဖွဲ့များနှင့် ပူးပေါင်းလက်တွဲကာ ဆည်ရေပေးဝေလျက်ရှိကြောင်း သိရသည်။
မွှေးကြူဇင်


