လဟယ် ၆ နို၀င်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် NEP စီမံကိန်း (ICB-4)ဖြင့် ကျေးရွာပေါင်း(၂၀)ရွာတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိမှု ပိုမိုတိုးတက်လာစေရန် ဝေးလံခေါင်းပါး၍ မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသောဒေသများတွင် ဓာတ်အားလိုင်းပြင်ပ၊ ကြိုတင်မီးလင်းရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ပြည်သူလူထုနဲ့ပူးပေါင်းရန်၊ အစိုးရပုဂ္ဂလိက-ပြည်သူတို့နှင့် ပူးပေါင်းပြီး လျှပ်စစ်မီးလင်းရေးစနစ်များ ပိုမိုကောင်းမွန်အောင် ရည်ရွယ်၍ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းကာ အမျိုးသားအဆင့် ဓာတ်အားရရှိရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစီမံကိန်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လဟယ်မြို့နယ်အတွင်း တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေး ကျေးရွာပေါင်(၂၀)အတွက် တစ်အိမ်သုံးဆိုလာ (၁၃၇၇)စုံဖြစ်ပြီး လူနေအိမ်များအပြင် လမ်းမီးတိုင်များ၊ ဘာသာရေးကျောင်းများ၊ စာသင်ကျောင်းများ၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများမှာလည်း တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၎င်းကျေးလက်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့ နာဂဒေသ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်နှင့် ရုံးအဖွဲ့တို့က လဟယ်မြို့နယ် လောင်ငေါက်ကျေးရွာတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မွှေးကြူဇင်


