အမ်း ၆ နိုဝင်ဘာ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၌ လေယာဉ်ကွင်းရပ်ကွက်နှင့် မြောက်ဘက်ရပ်ကွက် တို့အား ဆက်သွယ်တည်ဆောက်မည့် အမ်းချောင်းတံတား လျာထားနေရာကို  နိုဝင်ဘာ ၅ ရက် နံနက် ၉ နာရီက တိုင်းတာမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အမ်းချောင်းတံတား လျာထားနေရာအား တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)၊ တံတားအထူးအဖွဲ့(၈)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူရ ဦးဆောင်၍ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) (၁)ဦး၊ အငယ်တန်းအင်ဂျင်နီယာ(၂) (မြို့ပြ) (၁)ဦး ပါဝင်သောအဖွဲ့သည် တိုင်းတာမှုများပြုလုပ် ဆောင်ရွက်ခဲ့သည်။ အမ်းချောင်းတံတား၏ လျာထားပေအရှည်မှာ ပေ (၇၀၀) ခန့်ဖြင့် တည်ဆောက်မည် ဖြစ်ကြောင်းနှင့် တံတားအတွက် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊  ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုအပ်နှံရန်ပုံငွေ ကျပ်သန်း(၁၀၀) စတင်ခွင့်ပြုထားသည် ဖြစ်ကြောင်း တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)၊ တံတားအထူးအဖွဲ့ (၈)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူရထံမှ သိရသည်။

 

ယင်း အမ်းချောင်းတံတားကို ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၏ ဒေသဖွံ့ဖြိုးရေး ခရီးစဉ်တွင် မြောက်ဘက်ရပ်ကွက်မှ ဒေသခံပြည်သူများက အမ်းချောင်းအား ဖြတ်သန်းသွားလာရသည့် အခက်အခဲများကို တင်ပြချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနအား ဆက်လက်တင်ပြ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ တံတားတည်ဆောက်ပြီးစီးပါက အမ်းချောင်းအား လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်ပြီး မြောက်ဘက်ရပ်ကွက်မှ ဒေသခံပြည်သူများနှင့် အနီအနားရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အနေဖြင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မား လာမည်ဖြစ်ကြောင်း  သိရသည်။

စိုးမင်းထွန်း(မြို့နယ်ပြန်/ဆက်)