မတ္တရာ ၆ နိုဝင်ဘာ
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မန္တလေး-မိုးကုတ်ကားလမ်းတွင် နိုင်ဝင်ဘာ ၅ ရက် ည ၇ နာရီခွဲ အချိန်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာမှ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ရေနံ့သာနယ်မြေစခန်းမှ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင် အမှတ်(၂၇/၂)နှင့် (၂၇/၃)ကြား စကျင်လမ်းခွဲအနီးတွင် မြောက်မှတောင်သို့ ဦးကျော်တင့် မောင်းနှင်လာသော ဆိုင်ကယ် နှင့် တောင်မှ မြောက်သို့ ရှိုင်းဝေထက်အောင်(ခ)ဂျိုကာ မောင်းနှင်လာသော ဆိုင်ကယ်တို့မှာ ကားလမ်းမအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိရာ ဦးကျော်တင့်မှာ ရရှိသောဒဏ်ရာများဖြင့် နေရာတွင် သေဆုံးသွားပြီး၊ ရှိုင်းဝေထက်အောင်(ခ)ဂျိုကာမှာ ဒဏ်ရာ(စိုးရိမ်ရ)များ ရရှိသွားခဲ့သဖြင့် မတ္တရာ ပြည်သူ့ဆေးရုံမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသစေခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူများအား ရေနံ့သာနယ်မြေစခန်းမှ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)