ညောင်လေးပင် ၆ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ ကံကလေးကျေးရွာနှင့် ရေတွင်းကုန်း ကျေးရွာကြားတွင် နိုဝင်ဘာ ၅ ရက်နေ့ ည ၇ နာရီ မိနစ် ၂၀ က ထော်လာဂျီယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှသွားနေသော ဆိုင်ကယ်အား ဝင်တိုက်၍ ယာဉ်မောင်း အမျိုးသားတစ်ဦး သေဆုံးပြီး ဆိုင်ကယ်စီးသူနှစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ပိန်းဇလုပ်မြို့၊ ကံကလေးကျေးရွာနှင့် ရေတွင်းကုန်းကျေးရွာကြား၊ ကျေးရွာခြင်းဆက် ဂဝံလမ်းမပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ တာဝန်မှူး ဒုရဲအုပ် ယုနန္ဒာကြည်နှင့်အဖွဲ့ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ကံကလေးကျေးရွာဘက်မှ ရေတွင်းကုန်းကျေးရွာ ဘက်သို့ စောသန်းထွန်းလေး မောင်းနှင်လာသော ဆန်အိတ်များ တင်ဆောင်လာသည့် ထော်လာဂျီယာဉ် သည် လားရာတူရှေ့မှ စောအယ်နီဆေး၊ မောင်းနှင်ပြီး နောက်တွင် စောလားကေ လိုက်ပါလာသော ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိ၍ ထော်လာဂျီမှာ လမ်း၏ယာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်ကာ ယာဉ်မောင်း စောသန်းထွန်းလေးတွင် ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားသည်။
ဆိုင်ကယ်ပေါ်ပါ စောအယ်နီဆေးနှင့် စောလားကေတို့တွင် (မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့ကြ၍ ရဲဆေးစာဖြင့် ပိန်းဇလုပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ် မဆင်မခြင်မောင်းနှင်သူ စောသန်းထွန်းလေးအား ပိန်းဇလုပ်နယ်မြေ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)