ဘားအံ ၆ နိုဝင်ဘာ
ကရင်ပြည်နယ် ဘားအံခရိုင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဘေးကင်းလုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေး အတွက် မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ယနေ့ မွန်းလွဲ ၂ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ယင်းသို့ကြည့်ရှုစစ်ဆေးရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဥပဒေနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး၊ ဆန္ဒမဲလာရောက်ပေးမည့် မဲဆန္ဒရှင်ပြည်သူများအတွက် COVID-19 ရောဂါ ကာကွယ်ရေး၊ မဲရုံအတွင်း/အပြင် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မဲရုံအတွင်း လျှို့ဝှက်ဆန္ဒပြုခန်းနှင့် သက်ဆိုင်ရာ လွှတ်တော်မဲပုံးများ စနစ်တကျခင်းကျင်းထားရှိမှု အခြေအနေများ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး ၊ မဲရုံကိုယ်စားလှယ်များ ၊ မဲရုံအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကြည့်ရှုလေ့လာသူများကို နေရာချထားမှုနှင့် မဲဆန္ဒရှင်များ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့သည်။
ဘားအံမြို့နယ်တွင် မဲရုံပေါင်း(၂၃၀) ရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ (၃၇၇၀၅၂)ဦးရှိကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


