ဟိုပုံး ၆ နိုဝင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို ယနေ့ နံနက် ၈ နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ မဲရုံများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်သိုက်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ထွေးနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းရှိ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကာ ဆန္ဒမဲလာရောက်ပေးမည့် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး မဲရုံအတွင်းအပြင် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မဲရုံအတွင်းလျှို့ဝှက်ဆန္ဒပြုခန်းနှင့် သက်ဆိုင်ရာလွှတ်တော်မဲပုံးများ စနစ်တကျခင်းကျင်းထားရှိမှု အခြေအနေများ၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် မဲဆန္ဒရှင်များ မဲပေးခြင်းလုပ်ငန်းအဆင့်ဆင့်၊ ရွေးကောက်ပွဲ နေ့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံကိုယ်စားလှယ်များ၊ မဲရုံအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကြည့်ရှုလေ့လာသူများကို နေရာချထားမှုနှင့် မဲဆန္ဒရှင်များ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခဲ့ကြသည်။
ဟိုပုံးမြို့နယ်တွင် မြို့ပေါ် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၂ အုပ်စု၊ ကျေးရွာပေါင်း ၂၉၈ ရွာ၊ မဲရုံ ၈၀ ရုံ၊ မဲပေးပိုင်ခွင့်ရှိသူ ၈၂၅၇၂ ဦးရှိပြီး အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အို အပါအဝင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၈၃၁၇ ဦးရှိရာ နိုဝင်ဘာ ၅ ရက်အထိ စုစုပေါင်း (၆၇၄၃)ဦး ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
နေမင်းထွန်း(ဟိုပုံး)


