ယင်းမာပင်  ၆  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင် လယ်ယာကဏ္ဍစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု စီမံကိန်း (ADSP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စံပြကွက် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ညောင်ပင်ကြီးစုကျေးရွာ တောင်သူ ဦးမျိုးကျော်ဦး၏ စိုက်ကွင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသန်းက လယ်ယာကဏ္ဍစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစီမံကိန်း(ADSP)ဖြင့် စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများမှ မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် မျိုးသန့်စင်ရေးအတွက် တောင်သူများနှင့် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး  ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများက လက်တွေ့ မျိုးကွဲနှုတ်ပယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်တွင် (ADSP) ဖြင့် စိုက်ပျိုးထားတဲ့ မိုးစပါးမျိုးစေ့ထုတ်စိုက်ဧက ၂၂ ဧကရှိကြောင်း ယင်းမာပင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ခင်မာချိုက ပြောသည်။

အဆိုပါ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသန်း၊ ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာချို၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)