ညောင်တုန်း ၆ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မြို့နယ်အတွင်း မဲရုံများပြင်ဆင် ထားရှိမှုအခြေအနေများကို တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူ၊ သက်ဆိုင်ရာ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ၌ မဲရုံများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများ လာရောက်မဲပေးရာတွင် စနစ်တကျအဆင်ပြေစွာမဲပေးနိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေ၊ လူစုလူဝေး မဖြစ်စေရေး အတွက် သတ်မှတ်နေရာများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် မဲရုံများပြင်ဆင်ရာတွင် အထောက်အကူပြု ပစ္စည်းများ လုံလောက်မှုရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားခဲ့သည်။
ညောင်တုန်းမြိုနယ်အတွင်း၌ ရပ်ကွက်/ကျေးရွာ (၅၄) အုပ်စုတွင် မဲရုံပေါင်း ၂၄၄ ရုံရှိပြီး မဲဆန္ဒရှင်ဦးရေမှာ ၁၇၀၁၆၈ ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
(မြို့နယ် ပြန်/ဆက်)


