ပျဉ်းမနား ၆ နိုဝင်ဘာ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ တောင်ပေါ်ကျေးရွာဖြစ်သည့် မဲပေါက်ကျေးရွာအုပ်စု၊ ဂမုန်းတောင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်ပေးမည့် ကျေးရွာ မီးလင်းရေးလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းဇော်နှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းဇော်နှင့် တာဝန်ရှိသူများသည် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ကျေးရွာပြည်သူများ၏ တင်ပြချက်များအရ ကျေးရွာတစ်ရွာလုံး မီးလင်းရန်အတွက် လိုအပ်သောပေအရှည်မှာ (၉၁၃၀)ပေဖြစ်ပြီး နိုင်ငံတော်မှ ချမှတ်ပေးသည့် ပေ(၂၆၀၀)မှာ ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ထပ်မံလိုအပ်လျက်ရှိသည့် ပေ(၆၅၃၀)ကို ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးတင်ပြ ကြသည်။
ယင်းနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ဂမုန်းတောင် ကျေးရွာအတွင်း လျှပ်စစ်မီးသွယ်တန်းရန် ကျန်ရှိနေသေးသည့် ပေ(၆၅၃၀)အား စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက် ပေးနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်းကျေးရွာသည် (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကျေးရွာလည်ပတ်ရန်ပုံငွေ အရင်းအတိုးပေါင်း ကျပ်သန်း (၅၆.၁၆၆)ရှိပြီး စီမံကိန်းကာလ လေးနှစ်တာတွင် အတိုးရငွေပေါင်း ကျပ်သန်း (၂၁.၁၆၆)ရှိကာ အတိုးရငွေများထဲမှ (၅၀)ရာခိုင်နှုန်းနှင့် ပြည်သူထည့်ဝင်ငွေများ စုပေါင်း၍ ကျေးရွာတွင်းလျှပ်စစ်မီးသွယ်တန်းခြင်းများကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


