နေပြည်တော်  ၆  နိုဝင်ဘာ

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆေးပစ္စည်း ကိရိယာများ လှူဒါန်းပေးအပ်မှုအခမ်းအနားကို  ယနေ့ညနေပိုင်းက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်ရာတွင် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီး မှုများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားစဉ်က မြန်မာနိုင်ငံမှ မိတ်ဆွေကောင်းပီသစွာ ပံ့ပိုးကူညီခဲ့သကဲ့သို့ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် လည်း တရုတ်နိုင်ငံမှ အပြန်အလှန်ပံ့ပိုးခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်အတွင်း မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံဗဟိုအစိုးရ၊ ဒေသဆိုင်ရာအစိုးရ၊ ကုမ္ပဏီနှင့် လူမှုအဖွဲ့အစည်းများက ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ပံ့ပိုးခဲ့ပြီး ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့များလည်း (၃)ကြိမ်လာရောက်ခဲ့ကာ အတွေ့အကြုံများ မျှဝေပေးခဲ့ပါ ကြောင်း၊ ယခုအခမ်းအနားတွင် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံပြည့် (၂၄၀,၀၀၀)ကို ပေးအပ်လှူဒါန်း သွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယလှိုင်းအား ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေမှုအား တွေ့မြင်နေရပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉  ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် နှစ်နိုင်ငံသွေးစည်း ညီညွတ်မှုဖြင့် ဆက်လက်ပူးပေါင်း ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ တရုတ်နိုင်ငံမှ နှစ်နိုင်ငံရင်းနှီး ချစ်ကြည်စွာဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများအတွက် ပံ့ပိုးဆောင်ရွက်နေမှုများအပေါ် ဝန်ကြီးဌာန၏ ဆေးရုံများမှ ဝန်ထမ်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် ပြည်သူများ အားလုံး ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊  ယခု ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံအစိုးရမှ အမေရိကန်ဒေါ်လာ (၅ ဒသမ ၉၄) သန်းကျော်နှင့် ကုမ္ပဏီနှင့် လူမှုအဖွဲ့ အစည်းများက မတ် (၁၇) ရက်မှ ယနေ့အထိ အမေရိကန်ဒေါ်လာ (၈) သိန်း (၉) သောင်းကျော်၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၆ ဒသမ ၈) သန်းကျော် တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်း ကိရိယာများအား ပံ့ပိုးပေးအပ်ခဲ့သည့်အပြင် ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့များစေလွှတ်ပြီး ရောဂါကာကွယ် ထိန်းချုပ်မှုအတွေ့အကြုံ များဝေမျှခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ခဲ့သည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ ထိုသို့ပံ့ပိုးမှုများကြောင့် မြန်မာနိုင်ငံပြည်သူများ၏ အသက်များကို ကယ်တင်ကုသခြင်း၊ ပြည်သူများအကြား ရောဂါကူးစက်မှုကို ကာကွယ်ခြင်းနှင့် ရောဂါကူးစက်မှုလမ်းကြောင်းကို ဖြတ်တောက်ခြင်းလုပ်ငန်းများအတွက် များစွာ အထောက်အကူပြုရုံသာမက ပံ့ပိုးသည့်ပစ္စည်းများအသုံးပြုကာ လူနာများအား ကိုင်တွယ်ကုသမှု ပေးနေသူများထံသို့ ရောဂါကူးစက်နိုင်မှု အလားအလာနည်းပါးစေခြင်းတို့အတွက် အကျိုးကျေးဇူးများစွာ ရရှိပါကြောင်း။

တရုတ်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar Center for Disease Control) ကို အမြန်ဆုံးစတင်တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်နေသည်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါ ဌာနပြီးစီးပါက ကူးစက်ရောဂါနှင့် မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်ကောင်းမွန်စွာ ဆောင်ရွက်ခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေး စွမ်းဆောင်ရည်မြှင့်လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ခြင်း၊ တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ သုတေသန လေ့လာမှုများဆောင်ရွက်ခြင်း၊ နှစ်နိုင်ငံ ပညာရှင်များ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာဆောင်ရွက်ခြင်း၊ ဓာတ်ခွဲလုပ်ငန်းများ ပိုမိုအဆင့်မြင့် မားစွာဆောင်ရွက်ခြင်းစသည်တို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ပြည်သူများအတွက် များစွာအကျိုးရှိမည် ဖြစ်ပါကြောင်း၊ အဆိုပါဌာနကြီးသည် မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုသင်္ကေတအဖြစ် နှစ်ပေါင်းများစွာ တည်တံ့သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင် က တရုတ်နိုင်ငံမှ လှူဒါန်းသည့် တစ်ကိုယ်ရည်သုံး ရောဂါ ကာကွယ်ရေးဝတ်စုံပြည့် (၂၄၀,၀၀၀)ကို ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။

သတင်းစဉ်