နေပြည်တော် ၆ နိုဝင်ဘာ
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၁၇) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက Virtual Meeting စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က အရည်အသွေးကောင်း မျိုးသစ်များ ထုတ်လုပ်နိုင်ရေးသည် အရေးကြီးသကဲ့သို့ ထုတ်လုပ်ပြီးသော မျိုးသစ်များ၏ မျိုးစေ့စံချိန်စံညွှန်းများ ပြည့်မီရန် ၊ မျိုးစေ့လုပ်ငန်းများ စနစ်တကျရှိစေရန်၊ မျိုးစေ့ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြီးကြပ်ဆောင်ရွက်နိုင်ရန်သည်လည်း အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ သီးနှံမျိုး ကောင်းမျိုးသစ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံတော်ပိုင်းမှပညာရှင်များ၊ ပုဂ္ဂလိကအခန်းကဏ္ဍမှ မျိုးစေ့ကုမ္ပဏီများ၊ မျိုးစေ့ထုတ် အဖွဲ့အစည်းများနှင့် လက်တွေ့စိုက်ပျိုးထုတ်လုပ်ကြသည့် တောင်သူလယ်သမားများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပုဂ္ဂလိကမျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် မျိုးစေ့ကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှပ်နှံမှု တိုးတက်လာစေရေး အားပေးကူညီဆောင်ရွက်ရန်၊ နည်းပညာများ ဖြန့်ဝေပေးနိုင်ရေးနှင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မျိုးစေ့ ကျွမ်းကျင်မှုဆိုင်ရာကော်မတီက စိစစ်ပြီး သဘောထားမှတ်ချက်ဖြင့် တင်ပြလာသည့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း တင်ပြကြရာ အစည်းအဝေး တက်ရောက်လာကြသူများက လုပ်ငန်းတစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
လယ်ယာကဏ္ဍတွင် စီးပွားရေးတွက်ခြေကိုက်ပြီး အထွက်နှုန်းကောင်းမွန်သောဒေသနှင့် ကိုက်ညီဖြစ်ထွန်းမှုရှိသည့် သီးနှံ မျိုးကောင်းမျိုးသန့်များကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်ရေး ၊ ပြည်သူလူထု၏ စားနပ်ရိက္ခာဖူလုံရေးတို့ကို တပြိုင်နက်တည်း ရရှိခံစားနိုင်ကြမည်ဖြစ်ရာ အရည်အသွေး ကောင်းသီးနှံ မျိုးကောင်း မျိုးသန့်များ ရရှိရေးအတွက် မျိုးသစ်ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများကို အပင်မျိုးသစ် ကာကွယ်ပေးရေး ဥပဒေ Plant Variety Protection Law ၊ မျိုးစေ့ဥပဒေ Seed Law ၊ အပင်ပိုးမွှား ကာကွယ်သည့် ဥပဒေ Plant Pest Quarantine Law စသည့် ဥပဒေများနှင့်အညီ စိစစ်ထိန်းကျောင်း ဆောင်ရွက် လျက်ရှိသည်။
မျိုးစေ့ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ သီးနှံကျွမ်းကျင် ပညာရှင်များနှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီ တို့၏ အဆင့်ဆင့်စိစစ်ပြီးဖြစ်သည့် သဘောထားမှတ်ချက်ဖြင့် တင်ပြချက်များအရ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ က သီးနှံမျိုးစေ့ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ ၏ (၁၆) ကြိမ်မြောက် အစည်းအဝေးအထိ သီးနှံမျိုး(၆၀)၏ မျိုးကွဲ(၉၆၉)မျိုးနှင့် မိဘမျိုးလိုင်း (၁၃၆) လိုင်း၊ စုစုပေါင်း (၁၁၀၅) မျိုးတို့ကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခဲ့ပြီးဖြစ်သည်။
ယနေ့ကျင်းပသည့် (၁၇) ကြိမ်မြောက် အစည်းအဝေးတွင် စမ်းသပ်စိုက်ပျိုးသီးနှံ (၁၀) မျိုး၏ မျိုးသစ်မျိုးကွဲ (၅၉) မျိုး၊ Documents သီးနှံ (၂၇)မျိုး၏ မျိုးသစ်မျိုးကွဲ (၈၀)၊ မိဘမျိုးလိုင်း အစုံ(၅)စုံတို့ကို အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး၊ စမ်းသပ်စိုက်ပျိုးစစ်ဆေးရန် လိုအပ်သည့် သီးနှံမျိုးအုပ်စု(၁၇)ခုမှ (၄)ခုအား စမ်းသပ် စစ်ဆေးခြင်းအား ဖြေလျော့၍ သီးနှံမျိုးအုပ်စု (၁၃)ခုသာ စမ်းသပ်စိုက်ပျိုးသွားရန်နှင့် အခြားသီးနှံအုပ်စုများအား Documents များဖြင့်သာ စိစစ်၍ မျိုးစေ့အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေး၊ မြန်မာ့ဒေသမျိုးရင်းများအား National Significant Crops များအဖြစ် သတ်မှတ်အကာအကွယ်ပေးနိုင်ရေးအတွက် လိုအပ်သည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့် အစီအစဉ်များရေးဆွဲ၍ မူဝါဒတစ်ခု သတ်မှတ်ပြဋ္ဌာန်းနိုင်ရေး ကိစ္စရပ်များအတွက် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ကော်မတီဝင်များ၊ သီးနှံကျွမ်းကျင်ပညာရှင်များ က သက်ဆိုင်ရာဒေသအသီးသီးတို့မှ Zoom Application အသုံးပြု၍ ပါဝင်တက်ရောက်ကြသည်။
သတင်းစဉ်


