ထားဝယ် ၇ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စု၊ သဘော့ဆိပ် ကျေးရွာတွင် နိုဝင်ဘာ ၆ ရက်နေ့ ညနေ ၅ နာရီက ဖောက်ခွဲရေးသုံး ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် ထားဝယ်ခရိုင် မှုခင်းအကူတပ်ဖွဲ့မှ ရဲအုပ် အောင်သူဦးစီး၍ ထားဝယ်မြို့မရဲစခန်း နယ်ထိန်း ခေါင်းဆောင်ဒုရဲအုပ် အေးမင်းခိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မောင်းမကန်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇော်မင်းထက်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေကျောက်ဆင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကျော်၊ ရာအိမ်မှူး ဦးကျော်ဖေ၊ ထားဝယ်မြို့ကြက်စားပြင် ရပ်ကွက်ရာအိမ်မှူး ဦးလှသိန်းနှင့်အတူ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ သဘော့ဆိပ်ကျေးရွာနေ ဦးနေမင်းထွန်း၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်အောက်ရှိ ကွပ်ပျစ်အောက်မှ ကျောပိုးအိတ်ဖြင့်ထည့်လျက် ဖောက်ခွဲရေးသုံး ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
ဖောက်ခွဲရေးသုံး ဆက်စပ်ပစ္စည်းများနှင့်အတူ လက်ဝယ်တွေ့ရှိသူ သဘော့ဆိပ်ကျေးရွာနေ ဦးနေမင်းထွန်းအား မောင်းမကန် နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)