ဘားအံ ၇ နိုဝင်ဘာ

 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာကျရောက်တဲ့ (၆၅)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ဒီကနေ့ နံနက်(၇)နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်မှာ  ကျန်းမာရေးနှင့်ကားကစားဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အကျဉ်းချုံး ကျင်းပခဲ့သည်။

 

အခမ်းအနားကို အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်း၊ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်/ကရင်တာဝန်ခံ)ဦးစောဒယ်နီရယ်ကြည်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားမှာ သဘာပတိအဖြစ် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင် က ဆောင်ရွက်ပြီး သဘာပတိအဖွဲ့အဝင်းများအဖြစ် ကရင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးစောစံလင်းနဲ့ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ မန်းကျော်ဝင်းမောင်တို့က ဆောင်ရွက်ကြသည်။

 

ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသူတွေက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်း ဆောင်ကြီးများအား အလေးပြုကြသည်။

 

ယင်းနောက် ဘာပတိ ကရင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစောချစ်ခင်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဆီမှ ပေးပို့သော ၂၀၂၀ပြည့်နှစ်၊ (၆၅) နှစ် မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာကို ကရင်ပြည်နယ်၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က ဖတ်ကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့်သဝဏ်လွှာကို မှတ်တမ်းတင်ကြောင်း အခမ်းအနားမှူးက ဖတ်ကြားကြေညာသည်။

 

ယခုနှစ် ၂၀၂၀ ပြည့်နှစ် (၆၅) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလဖြစ်သောကြောင့် ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းမရှိဘဲ ကျန်းမာရေးနှင့် ကားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အကျဉ်းချုံးကျင်းပသွားခြင်းသာ ဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)