ကန့်ဘလူ  ၇  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသွားအလာကန့်သတ်စောင့်ကြည့်ရေး ဝင်ရောက်နေသည့် မဲဆန္ဒရှင်ပြည်သူများက ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၇ ရက်နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက် အထက(ခွဲ) ညောင်အိုင် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကြိုတင်မဲပေးရာတွင် ကန့်ဘလူမြို့ရှိ တိုင်းရင်းဆေးရုံနှင့်အထက(ခွဲ)ညောင်အိုင် အသွားအလာကန့်သတ်စောင့်ကြည့်ရေး ဝင်ရောက်နေသည့် မဲဆန္ဒရှင်ပြည်သူ (၆၄)ဦးတို့သည်  ယင်းတို့၏ မဲဆန္ဒနယ်မြေတွင်ပါဝင်သည့်  ရပ်ကွက်/ကျေးရွာများအလိုက် မိမိတို့၏ ဆန္ဒသဘောထားအတိုင်း  ကြိုတင်ဆန္ဒမဲပေးပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် အထက(ခွဲ)ညောင်အိုင်  အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာမှ စေတနာ့ဝန်ထမ်း ဦးကျော်မင်းဦးနှင့် အဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

အလားတူ ကန့်ဘလူမြို့နယ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ စုစုပေါင်း (၈)ခုရှိပြီး ကန့်သတ်စောင့်ကြည့်ရေး ဝင်ရောက်နေသူ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)