ရန်ကုန် ၇ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ရှိ Window on Korea စာကြည့်တိုက်သို့ ကိုရီးယားစာအုပ်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ က ကျင်းပသည်။
ရှေးဦးစွာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ကိုရီးယား-မြန်မာ သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်သည့် ယခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးသည် ကဏ္ဍပေါင်းစုံမှ ပိုမိုနက်ရှိုင်းလာခဲ့ပြီး ကိုရီးယားနိုင်ငံနှင့် ပတ်သက်၍ မြန်မာပြည်သူများ၏ စိတ်ပါဝင်စားမှုသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးပွားလာကြောင်းကို ခံစားမိပါကြောင်း၊ ရန်ကုန်အခြေစိုက် ကိုရီးယားသံရုံးမှလည်း တီထွင်ဖန်တီးမှု အမျိုးမျိုးဖြင့် ကိုရီးယားယဉ်ကျေးမှုကို အသိပေးဖြန့်ဝေပေးရင်း မြန်မာနိုင်ငံအား အထောက်အကူဖြစ်စေမည့် လှုပ်ရှားမှုများကို ဆောင်ရွက်ပေးလျက်ရှိနေသည်ကို ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်းဟွာမှ သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်သည့် ယခုနှစ်တွင်ကိုရီးယား-မြန်မာ ဆက်ဆံရေးသည် နေ့စဥ်နှင့်အမျှ ပိုမို ခိုင်မာလာပါကြောင်း၊ ဘာသာစကားသည် ယှဥ်ကျေးမှု နှီးနှောဖလှယ်ရေး အရှိန်မြှင့်တင်ရာတွင် အထောက်အကူပြုဖြစ်စေပါကြောင်း၊ ယနေ့လှူဒန်းသည့် စာအုပ် ၂၄၃ အုပ်သည် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၏ ကိုရီးယားဘာသာ သင်ကြားရေးတွင်အထောက် အကူဖြစ်စေရန် မျှော်လင့်မိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်မှ ကိုရီးယားနိုင်ငံသည် Window on Korea စာကြည့်တိုက်အား ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်စဉ် ကိုရီးယား စာအုပ်စာပေများအား လှူဒါန်းပံ့ပိုးပေးခြင်းကို ကျေးဇူးတင်ပါကြောင်းနှင့် စာကြည့်တိုက်သည် ဒုတိယ စာသင်ခန်းဖြစ်သည်ဟု ဆိုရလောက်သည် အတွက်ကျောင်းသားများအနေဖြင့် ပထဝီအနေအထားအရ ဝေးကွာသော ကိုရီးယားနိုင်ငံအား စာအုပ်များမှတစ်ဆင့်အနီးကပ် ပိုမိုလေ့လာနိုင်မည့် အခွင့်အရေး ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယင်းနောက် ကိုရီးယားသံအမတ်ကြီးမှ စာအုပ်များ ပေးအပ်လှူဒါန်းရာဝန်ကြီး ဦးနိုင်ငံလင်းမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန် / ဆက် )


