မန္တလေး ၃၁ အောက်တိုဘာ 

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်သစ်အတွက် ပြည်တွင်းပြောင်းဆန်သုံး စက်ရုံများ ပြည်ပမှ ပြောင်းတင်သွင်းစရာ မလိုရန်  ထိန်းညှိဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။

ပြည်ပမှ ပြောင်းဆန်ပြန်လည်တင်သွင်းမှု မပြုလုပ်ရစေရန် ပြည်ပသို့ပြောင်းတင်ပို့မှုကို ထိန်းညှိသွားမည်ဟု သိရသည်။

“လာမယ့်ပြောင်းရာသီမှာ စက်ရုံတွေကလိုတယ်ဆိုရင် ပြောင်းအသင်းက ထိန်းညှိပြီးတော့ ပြည်ပတင်ပို့ရောင်းချတာကို ထိန်းချုပ်ပေးသွားမှာပေါ့”ဟု အဆိုပါအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း ပြည်တွင်း၌ ပြောင်းရှားပါးချိန်တွင် ပြည်တွင်းရှိ အစာစပ်စက်ရုံ လုပ်ငန်းရှင်များမှ အစေ့ထုတ်ပြောင်းကို  ပြည်ပမှ ပြန်လည်တင်သွင်းရန် တင်ပြခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ တင်ပြချက်နှင့်ပတ်သက်၍ တင်သွင်းသင့်/ မသင့်ကို အသင်းထံသို့ သဘောထားမှတ်ချက် တောင်းခံခဲ့ရာ ပြောင်းစိုက်တောင်သူများအား ထိခိုက်နိုင်သည့်အတွက် မြန်မာနိုင်ငံသို့ ပြည်ပမှ ပြောင်းတင်သွင်းမှုကို ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် ပြောင်းတန်ချိန် ၂ ဒသမ ၃ သန်းနှင့် ၂ ဒသမ ၆ သန်းကြား ထွက်ရှိနေပြီး ပြည်တွင်းစားသုံးမှု ပမာဏမှာ ၁ ဒသမ ၃ သန်းသာရှိသည်။ ပြီးခဲ့သည့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် အိန္ဒိယမှ အဝယ်ရှိခဲ့ရာ ပြောင်းတင်ပို့မှု ပိုများခဲ့သဖြင့် ပြည်တွင်း သုံးစွဲမှုအပေါ် လိုအပ်ချက်များ ရှိသွားခဲ့ကြောင်းသိရသည်။

ဖြိုးအိ