ကိုဗစ် - ၁၉ ကာလ ရွှေပိတောက်ငါးဈေးကြီးတွင် ရေထွက်ကုန်ပစ္စည်းများ အရောင်းအဝယ် အဆင်ပြေလျက်ရှိ

ရန်ကုန်  ၇ နိုဝင်ဘာ 

ကိုဗစ်-၁၉ ရောဂါကြောင့် ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်းများ အခက်အခဲရှိသော်လည်း ပြည်တွင်းစားသုံးမှုကို နေ့စဉ်အထောက်အပံ့ဖြစ်နေသည့် ရေချို၊ ရေငန် ရေထွက်ပစ္စည်းများ နေ့စဉ်ငါးဈေးများသို့ ဝင်ရောက်လျက်ရှိရာ လအနည်းငယ်အတွင်း အထူးစည်ကားလာသော ရန်ကုန်မြို့ ရွှေပိတောက်ငါးဈေးကြီး၌ ထုတ်လုပ်သူနှင့် ရောင်းချသူများ အရောင်းအဝယ် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရွှေပိတောက် ငါးဈေးကြီးတွင် ငါးမြစ်ချင်း တစ်ပိဿာ ကျပ် ၂၅၀၀၊ ငါးကြင်း တစ်ပိဿာ ကျပ် ၅၅၀၀၊ ငါးတန် တစ်ပိဿာ ကျပ် ၂၂၀၀၊ ငါးမုန့် တစ်ပိဿာ ကျပ် ၂၀၀၀၊ တီလားဗီးယား တစ်ပိဿာ ကျပ် ၂၈၀၀၊ ရေဘဝဲ တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ပလာတူး တစ်ပိဿာ ကျပ် ၂၀၀၀၊ ပြည်ကြီးငါး တစ်ပိဿာ ကျပ် ၁၃၀၀၀၊ ကင်းမွန် တစ်ပိဿာ ကျပ် ၉၀၀၀၊ ရွှေငါး တစ်ပိဿာ ကျပ် ၁၆၅၀နှင့် ငါးသလောက် တစ်ပိဿာ ကျပ် ၂၅၀၀၀ ဈေးရှိသည်။

ကျန်ရက်များ၌ ကျပ် ၂၀၀ ကျော်သာ ဈေးအတက်၊ အကျရှိ၍ နိုဝင်ဘာလတွင် ရေထွက်ကုန်စည် စီးဆင်းမှု အဆင်ပြေချောမွေ့ကာ စားသုံးသူများအတွက် ကုန်ပစ္စည်းပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှု မရှိကြောင်း သိရသည်။ တရုတ်ပြည်သို့ ရေထွက်ပစ္စည်း တင်ပို့မှုအား နိုဝင်ဘာလမှစ၍ ပိတ်ထားရာ ရေချိုလုပ်ငန်းရှင်များနှင့် ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များက ပြည်တွင်းဈေးကွက်သို့ ဖြန်ဖြူးရာ၌ ကိုဗစ်-၁၉ ကာလတွင် အထိုက်အလျောက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ကိုဗစ်-၁၉ ရောဂါ စတင်ကြုံတွေချိန်ကစပြီး ရွှေပိတောက်ငါးဈေးကြီး ပြန်လည်စည်ကားလာချိန်မှာ ငါးဈေးကွက် ပျက်တယ်ဆိုတာမရှိသေးဘူး။ ပြည်ပကို ငါးပို့လို့မရပေမယ့် ပြည်တွင်းစားသုံးမှုကို ဖြန့်ဖြူးနေတာကြောင့် ကုန်စည်စီးဆင်းမှု အဆင်ပြေနေတာကို တွေ့ရပါတယ်။ အရင်ဈေးမှာ လူမရှိတော့ ရွှေပိတောက်ငါးဈေးကို မသိကြဘူး။ ဈေးပဲရှိတယ် လူမရှိဘူး။ ကိုဗစ် - ၁၉ ရောဂါကြောင့် ကြည့်မြင်တိုင် စံပြငါးဈေးက ပျံကျဈေးသည်တွေ ဒီဈေးကိုရောက်လာပြီး မူလငါးဒိုင်တွေ ပြန်ရောင်းချကြတာကြောင့် ကျယ်ဝန်းတဲ့ ငါးဈေးကြီး ပြန်လည်စည်းကားလာတာကို အားလုံးဝမ်းသာနေကြတာပါ။ အထူးသဖြင့် ဒီကာလမှ အရောင်းအဝယ် အဆင်ပြေကြလို့ ပီတီဖြစ်နေကြပါတယ်” ဟု ရွှေပိတောက်ငါးဈေးမှ ဈေးသာယာရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျင်စောကပြောသည်။

သီရိမင်္ဂလာ ကုန်စိမ်းဈေးနှင့် ကပ်လျက်ရှိသော ရွှေပိတောက်ငါးဈေးမှာ မြေရှစ်ဧကကျော် ကျယ်ဝန်းပြီး ဈေးရုံပေါင်း ရှစ်ရုံတွင် ၁၁ ပေ၊ ၁၈ ပေ ကျယ်သော ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ရှိသည်။ သုံးနှစ်ကျော်ကြာ ငါးဈေးကြီး တိတ်ဆိတ်နေရာမှ ဧပြီ ၂၀ ရက်မှစ၍ ပြန်လည်စည်ကားလာခြင်းဖြစ်သည်။ ငါးစားသုံးမှု များလာသော ရန်ကုန်မြို့တွင် ရွှေပိတောက်ငါးဈေးသို့ တစ်ရက်လျှင် ရေထွက်ပစ္စည်း တန်ချိန်တစ်သိန်းခွဲ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ယခုရက်ပိုင်းအတွင်း ကုန်ပစ္စည်းတစ်ရက်လျှင် တန်ချိန်နှစ်သိန်းခန့် တိုးမြှင့်ဝင်ရောက်လျက်ရှိသည်။ ဝယ်လိုအားကောင်းသောကြောင့် ထုတ်ကုန်ပစ္စည်းများ နေ့စဉ် စီးဆင်းလျက်ရှိသည်။

ရွှေပိတောက်ငါးဈေးကြီးတွင် ယာဉ်ရပ်နားရန်နေရာ၊ A မှ H ထိ ဈေးရုံများနှင့် ယာယီပျံကျဆိုင်ခန်းများကို ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လက်ဆေးကန်များ ထားရှိခြင်း၊ အပတ်စဉ်ညပိုင်း၌ ရေကားနှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း၊ နှာခေါင်းစီးများ တပ်ဆင်၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်လျက်ရှိရာ နံနက် ၄ နာရီမှ ည ၇ နာရီအထိ ရောင်းချလျက်ရှိသည်။

သန်းစိုး