နေပြည်တော် ၇ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ယမန်နေ့က ငွေကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ နိုဝင်ဘာ ၆ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာအနီး၊ ရွာငံ-ဟန်မြင့်မိုရ် ကားလမ်းတွင် သန်းဇော် မောင်းနှင်ပြီး မနန်းဇင်မာထွန်း လိုက်ပါလာသည့် FIELDER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ငွေကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀,၀၀၀ ၊ မြန်မာငွေကျပ် ၁၅၀,၀၀၀ တို့အားသိမ်းဆည်းရမိခဲ့ကြောင်း။
ကွင်းဆက်အရ ည ၈ နာရီခန့်တွင် ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများ လက်ခံရယူမည့်သူများဖြစ်သည့် ဇော်ဝင်း(ခ) ကိုရဲ(ခ)အကိုကြီး (ခ)ပီအိုက်လုံ မောင်းနှင်လာပြီး စိုင်းဇော်မင်းဦး(ခ)ကိုစိုင်း လိုက်ပါလာသည့် CROWN အမျိုးအစားမော်တော်ယာဉ်ကို ရန်ကုန်မြို့အဝင်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၀/၀)အနီးတွင် တပ်ဖွဲ့ဝင်များမှဖမ်းဆီးစဉ် စိုင်းဇော်မင်းဦး(ခ)ကိုစိုင်းအား ဖမ်းဆီးရမိခဲ့ပြီး ဇော်ဝင်း(ခ) ကိုရဲ(ခ) အကိုကြီး(ခ)ပီအိုက်လုံ မှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် လိုက်လံဖမ်းဆီးရာ လည်းကူးမြို့နယ်၊ ဖခမဲကျေးရွာအုပ်စု၊ ဖရုံစုကျေးရွာအနီး တွင် မော်တော်ယာဉ်အား ရပ်တန့်ထားရှိပြီး ဇော်ဝင်း(ခ) ကိုရဲ(ခ) အကိုကြီး(ခ) ပီအိုက်လုံမှာ တိမ်းရှောင် ထွက်ပြေးသွားခဲ့သဖြင့် သန်းဇော်၊ မနန်းဇင်မာထွန်း၊ စိုင်းဇော်မင်းဦး (ခ)ကိုစိုင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်