ရန်ကုန် ၇ နိုဝင်ဘာ
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ ရန်ကုန် (ဝါးတန်း) - ဒလ ကားကူးဇက်ယာဉ် ပြေးဆွဲရာတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကာလအတွင်း လက်ရှိအချိန်ထိ ကားကူးဇက်ရေယာဉ် ၁ စီးဖြင့်သာ ကုန်စည်နှင့် မော်တော်ယာဉ်များ သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။
နိုဝင်ဘာ ၈ ရက်၌ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော် မြို့နယ်အတွင်းရှိ သတ်မှတ်မဲရုံနေရာများမှ ဆန္ဒမဲလက်မှတ်နှင့် မဲရုံသုံးဆက်စပ်ပစ္စည်းများ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးသို့ သယ်ယူပို့ဆောင်ရာ၌ ကမ်းနားလမ်း (ကွန်ကရစ်လမ်းမကြီး) အား ဖြတ်သန်းအသုံးပြုမည် ဖြစ်သဖြင့် နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၃ နာရီ မှ နိုဝင်ဘာ ၉ ရက် နေ့လည် ၁၂ နာရီထိ ကမ်းနားလမ်း (ကွန်ကရစ်လမ်းမကြီး) အား အနောက်ဘက်ကမ်းနား ကွန်ကရစ်လမ်းနှင့် ကြည့်မြင်တိုင် ကမ်းနားလမ်းဆုံမှ အရှေ့ဘက် ပန်းဆိုးတန်းလမ်းဆုံကြားတွင် လမ်းခေတ္တ ပိတ်ထားမည်ဖြစ်ကြောင်း၊ ယာဉ်မောင်းနှင်နေသူများအနေဖြင့် ခေတ္တလမ်းပိတ်ထားစဉ် ကာလအတွင်း အခြားသင့်လျော်သော လမ်းများမှ မောင်းနှင်သွားလာကြရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ အသိပေးနှိုးဆော်ထားသည်။ ထို့ကြောင့် ရန်ကုန်(ဝါးတန်း)-ဒလ ကားကူးဇက်ယာဉ်လမ်းအား နိုဝင်ဘာလ ၈ ရက်နေ့တွင် နံနက် ၆ နာရီခွဲမှ မွန်းလွဲ ၃ နာရီအထိ နှင့် ၉ ရက်နေ့တွင် နေ့လည် ၁၂ နာရီမှ ည ၇ နာရီအထိ ပြေးဆွဲပေးသွားမည်ဖြစ်သည်။ နောက်ပိုင်းကာလတွင် ကုန်စည်နှင့် မော်တော်ယာဉ်များ များပြားလာပါက ကားကူးဇက်ရေယာဉ် နှစ်စင်းဖြင့် ပုံမှန်အချိန်တိုင်း ပြေးဆွဲပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြစ်ဝကျွန်းပေါ် ဌာနခွဲရုံးမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကာလအတွင်း မော်တော်ယာဉ်များ အသွားအလာ ပိတ်ထားမှုကြောင့် ကားကူးဇက်ယာဉ် တစ်စင်းဖြင့်သာ တစ်ရက်လျှင် ၆ ခေါက် မှ ၉ ခေါက် အထိသာ ပြေးဆွဲခဲ့ရကြောင်း၊ ယခုအခါ နေ့စဉ် နံနက် ၆ နာရီခွဲမှ ည ၇ နာရီအထိ အသွား ၉ ခေါက်၊ အပြန် ၉ ခေါက်နှုန်းဖြင့် ပြေးဆွဲပေးရာတွင် မော်တော်ယာဉ် အစီးရေ ၂၅၀ ကျော်ခန့် ပို့ဆောင်ပေးခဲ့ကြောင်း၊ မော်တော်ယာဉ် သွားလာမှုများပြားလာပါက ယခင်ပုံမှန်ပြေးဆွဲနေသော ကားကူးဇက်ယာဉ် နှစ်စင်းဖြင့် ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြစ်ဝကျွန်းပေါ် ဌာနခွဲရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီကာလများက ကားကူးဇက်ယာဉ် နှစ်စီးဖြင့် အသွား ၈ ခေါက်၊ အပြန် ၈ ခေါက်၊ စုစုပေါင်း ၁၆ ခေါက်၊ မော်တော်ယာဉ် အစီးရေ ၅၀၀ ကျော် နှင့် ကုန်စည် တန်ချိန် ၉၀ ခန့် နေ့စဉ် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ - နိုင်လင်းကျော်(ဒလ)


