နေပြည်တော် ၇  နိုဝင်ဘာ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရွာငံမြို့နယ်၊ ရွာငံ-ကျောက်ဆည်သွား ကားလမ်း၊ ကျောက်ဂူပြင် ကျေးရွာအုပ်စု၊ ကျောက်ဂူပြင်ကျေးရွာအနီးတွင် နိုင်အောင် မောင်းနှင်ပြီး မအေး လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၉ ကီလို၊ ဘိန်းဆီခဲ ၇ ကီလိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင် - လားရှိုးသွားကားလမ်း၊ လွိုင်ဆမ်ဆစ်ဂေါက်ကွင်းအနီးတွင် မနန်ဆိုင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၄၄ ကီလို နှင့် ကွင်းဆက်အရ  တာမိုးညဲမြို့၊ အမှတ်(၆) ရပ်ကွက်နေ မချောင်ကျုံးဟွေ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၂ ကီလို ကိုလည်းကောင်း၊ ယင်းနေ့ နံနက်ပိုင်းက မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ဆင်ဖြူဈေးအနီးရှိ ဇော်ထူး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀  ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

ရဲပြန်ကြား