နေပြည်တော် ၇ နိုဝင်ဘာ
၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံကြေး ပေးအပ်ပွဲနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက် အမှာစကား ပြောကြားသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော လေးဘာသာဂုဏ်ထူးရှင်နှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာမူလတန်း ကျောင်းသား/သူများ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် Grade-5 အတွက် တိုင်းအဆင့်၌ ပထမဆုရရှိသူတို့အား ဆုများချီးမြှင့်ပေးအပ်ပြီး အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်အထိ တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား/သူများနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်ဘာသာဂုဏ်ထူးရှင် လေးဦး၊ ရိုးရိုးအောင်မြင်သူ ငါးဦး စုစုပေါင်း ၂၁၉ ဦးအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်း စုစုပေါင်း ငွေကျပ် ၉,၅၀၅,၉၀၀ ကို ပေးအပ်ခဲ့ပြီး ထူးချွန်ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


